စစ်ကိုင်းမြို့၊ နီလာစက်မှုဇုန်ရှိ လျှမ်းလျှမ်းတောက် ပဲကြော်လုပ်ငန်းသို့ သွားရောက်ကွင်းဆင်းလေ့လာ

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သော ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်း(၄)ဦးတို့သည် ၂၀၂၄ခုနှစ်၊ ဧပြီလ ၂၉ရက်နေ့တွင် စစ်ကိုင်းမြို့၊ နီလာစက်မှုဇုန်ရှိ "လျှမ်းလျှမ်းတောက်" ပဲကြော်လုပ်ငန်းသို့သွားရောက်၍ ပိုင်ရှင်ဦးမျိုးသိန်းထွန်းနှင့်တွေ့ဆုံခဲ့ပါသည်။

       "လျှမ်းလျှမ်းတောက်" ပဲကြော်လုပ်ငန်းကို ၂၀၁၄ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ကျပ်သိန်း(၅၀) ကျော်ခန့်ဖြင့် စတင်ခဲ့ကြောင်း၊ ကုန်ကြမ်းပဲများကို မန္တလေးကုန်စည်ဒိုင်မှ အများဆုံးဝယ်ယူပြီး  ကုန်ချောပဲကြော်များကို တံတားဦး၊ ဆားတောင်၊ မြင်းမူ၊ ရွှေဘို၊ လားရှိုးနှင့် ကလေးမြို့များသို့ တင်ပို့ရောင်းချကြောင်း၊ လုပ်သားကျား(၁၀)ဦးနှင့်မ (၈)ဦးတို့အား အလုပ်အကိုင်အခွင့်အလမ်းများ ပေးထားနိုင်ပြီး လုပ်အားခမှာ နေစရိတ်၊ စားစရိတ်ငြိမ်း ကျပ်တစ်သိန်းမှ ကျပ်နှစ်သိန်းနှစ်သောင်းထိပေးချေရကြောင်း၊ တစ်ရက်လျှင် ကုန်ကြမ်း ပဲကြီး၊ ကုလားပဲ၊ နှမ်း၊ မြေပဲစုစုပေါင်း (၁၄) အိတ်ခန့်အသုံးပြု၍ ကြော်ရကြောင်း၊ တစ်လလျှင် (၄)ရက်နားပြီး (၂၆)ရက် လုပ်ငန်းများဆောင်ရွက်ကြောင်း၊ ကုန်ကြမ်းပဲ (၃၀) ပိဿာဝင်အိတ် တစ်အိတ်ကြော်လျှင် ပဲအရည်အသွေးပေါ်မူတည်၍ အချိန်ပိဿာ ( ၃၀မှ ၄၀ ) ထိထွက်ရှိပြီး မြေပဲ (၂၅) ပိဿာဝင်အိတ် တစ်အိတ်ကြော်လျှင်လည်း မြေပဲအရည်အသွေးပေါ်မူတည်၍ အချိန်ပိဿာ ( ၂၄မှ ၂၅ )ထိထွက်ရှိကြောင်း၊ ပဲကြော်လုပ်ငန်းအတွက် စားအုန်းဆီကိုအသုံးပြုပြီး အမျိုးအစား၊ အရည်အသွေးပေါ် မူတည်၍ ပဲကြော်တစ်ပိဿာလျှင် ကျပ် (၆၉၀၀မှ ၁၁၂၀၀ထိ) ဈေးနှုန်းအသီးသီးဖြင့် ရောင်းချကြောင်း "လျှမ်းလျှမ်းတောက်" ပဲကြော်လုပ်ငန်းရှင်ထံမှသိရှိရပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များးနှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့် အချက်များကိုရှင်းလင်းဆွေးနွေးခြင်းနှင့် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်အချက်များကို အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)