ကုန်အညွှန်းအမှတ်အသားများပါဝင်ဖို့ ပခုက္ကူမြို့ပေါ်ရှိ လုပ်ငန်းရှင်များထံသို့ သွားရောက်အသိပညာပေးကြစို့

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုတို့ဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၀-၃-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဒေသတွင်းထုတ်လုပ်လျက်ရှိသော မန်ကျည်းပြားနှင့် ပဲကြီးလှော်လုပ်ငန်းရှင်တို့ဆီသို့သွားရောက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များအား လိုက်နာဆောင်ရွက်ခြင်းဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး မိမိတို့လုပ်ငန်းများ၌ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိကာ အကျိုးစီးပွားအောင်မြင်ဖြစ်ထွန်းစေရန်ရည်ရွယ်၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

      ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးက စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသောညွှန်ကြားချက်ပါ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့်အချက်အလက်များ၊ လုပ်ငန်းရှင်များကလည်း မိမိတို့ထုတ်လုပ်သော ကုန်စည်အမျိုးအစားအလိုက် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီသည့် ကုန်စည်များကို စားသုံးသူရေးရာဦးစီးဌာန၏ စိစစ်ခွင့်ပြုချက်ရရှိရန် လျှောက်ထားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

      ဆက်လက်၍ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးက လုပ်ငန်းရှင်များသိရှိစေရန်အတွက် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြမှုမှာ အရေးကြီးသောအခန်းကဏ္ဍတွင်ရှိကြောင်း၊ အသိပညာဗဟုသုတများရရှိလာပြီဖြစ်၍ ပြည့်စုံစွာထည့်သွင်းခြင်းဖြင့် အကျိုးစီးပွားများအောင်မြင်ဖြစ်ထွန်းလာမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ထုတ်ကုန်များကို စားသုံးသူကာကွယ်ရေးဥပဒေအရ ဈေးကွက်အတွင်းမှ လျော့နည်းပပျောက်သွားစေရန် စောင့်ကြည့်စစ်ဆေးအရေးယူသွားမည်ဖြစ်သောကြောင့် တိကျစွာလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်(၂/၂၀၁၉) ပါ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)