ထိုင်းနိုင်ငံ၏ ယခုနှစ်ဆန်တင်ပို့မှုမှာ ခက်ခဲကျပ်တည်းမှုနှင့် ရင်ဆိုင်ရနိုင်

Powered by Drupal

          ထိုင်းနိုင်ငံ၌ နိုင်ငံခြားငွေလဲနှုန်းများ မတည်ငြိမ်မှု၊ ထိုင်းဆန်၏ ယှဉ်ပြိုင်နိုင်စွမ်းကျဆင်းမှု၊ ဈေးနှုန်းအကြိတ်အနယ်ပြိုင်ဆိုင်ရမှု၊ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်၏ အကျိုးသက်ရောက်မှုနှင့် အိန္ဒိယနိုင်ငံ၏ ဆန်ပို့ကုန်အပေါ် တားမြစ်ကန့်သတ်သည့် မူဝါဒချမှတ်ထားရှိမှု စသည့် မြောက်မြား စွာသော စွန့်စားရမည့်အချက်များမှာ ယခုနှစ်ဆန်တင်ပို့မှုလုပ်ငန်းလုပ်ကိုင်ရာတွင် ဆက်လက်ကြုံ တွေ့နေရဦးမည်ဖြစ်ကြောင်း ထိုင်းဆန်တင်ပို့သူများအသင်းက ပြောကြားခဲ့ပါသည်။

          အဆိုပါအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌဖြစ်သူ Chookiat Ophaswongse က အမေရိကန် စိုက်ပျိုးရေးဌာန၏ နောက်ဆုံးထုတ်ပြန်ထားသော အချက်အလက်များအရ ယခုနှစ်အတွက် ကမ္ဘာ့ ဆန်ကြိတ်ခွဲထုတ်လုပ်မှုမှာ တန်ချိန် ၅၁၃ သန်းဖြင့် တည်ငြိမ်မှုရှိနေမည်ဟု ခန့်မှန်းရကြောင်း၊ တရုတ်နိုင်ငံသည် တန်ချိန် ၁၄၄ သန်းဖြင့် ဆန်အများဆုံးထုတ်လုပ်သူအဖြစ် ရပ်တည်နေမည်ဖြစ် ပြီး ၎င်း၏နောက်၌ အိန္ဒိယသည် ဆန်တန်ချိန် ၁၃၂ သန်းဖြင့် ဒုတိယနေရာတွင်ရှိမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ အနေဖြင့် ယခင်နှစ်နည်းတူ ဆန်တန်ချိန် သန်း ၂၀ ခန့် ထုတ်လုပ်နိုင်ဖွယ်ရှိကြောင်း၊ သို့ ရာတွင် ထိုင်း ဆန်တင်ပို့မှုမှာ ၂၀၂၃ ခုနှစ်၌ တင်ပို့ခဲ့သော တန်ဖိုးအားဖြင့် ဘတ်ငွေ ၁၇၈ ဘီလီယံ ရရှိသည့် ဆန်တန်ချိန် ၈.၇ သန်းမှ လျော့နည်းကျဆင်းလျက် တန်ချိန် ၇.၅ သန်း၊ တန်ဖိုး ဘတ်ငွေ ၁၅၀ ဘီလီယံခန့်သာ တင်ပို့နိုင်မည်ဟု ခန့်မှန်းရကြောင်း၊ ထိုင်းနိုင်ငံသည် အိန္ဒိယနိုင်ငံ၏နောက်၌ ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့ဆန်တင်ပို့မှု ဒုတိယအများဆုံးနေရာကို ရရှိခဲ့သော်လည်း ၂၀၂၄ ခုနှစ် တွင်မူ ၎င်းအဆင့်ကို ထိန်းသိမ်းထားနိုင်ရန် အခက်အခဲများရှိကြောင်း၊ ဗီယက်နမ်နိုင်ငံ၏ ဆန် တင်ပို့မှုမှာ သိသာစွာတိုးတက်လျက်ရှိပြီး သာမန်အားဖြင့် နှစ်စဉ် ဆန်တန်ချိန် ၆ သန်းခန့် တင်ပို့ ရာမှ ၂၀၂၃ ခုနှစ်၌ တန်ချိန် ၈.၁ သန်းကို ကျော်လွန်တင်ပို့နိုင်ခဲ့ကြောင်းဖြင့် ပြောဆိုပါသည်။

          ထိုင်းအစိုးရ၏ အစိုးရချင်းညှိနှိုင်းမှုဖြင့် ဆန်တင်ပို့မည့် အစီအစဉ်များမှာ စိန်ခေါ်မှုများစွာ ကို ရင်ဆိုင်နေရကြောင်း၊ ဆန်ဝယ်ယူသည့်နိုင်ငံတိုင်း၌ ဆန်ဝယ်ယူရေးနည်းလမ်းများကို ပြောင်း လဲလုပ်ကိုင်လာကြကြောင်း၊ ပုဂ္ဂလိကကဏ္ဍမှ ဆန်တင်သွင်းမှုကို လုပ်ကိုင်စေပြီး သွင်းကုန်အပေါ် ကောက်ခံရရှိသည့် အခွန်ငွေမှ လယ်သမားများသို့ ထောက်ပံ့ပေးခြင်းကို ရွေးချယ်လုပ်ဆောင် လာကြောင်း၊ အစိုးရ၏ G-to-G စနစ်ဖြင့် ဆန်တင်ပို့မှုသည် အမျိုးသားဆန်စပါးမူဝါဒကော်မတီ၊ ရှေ့နေချုပ်ရုံးနှင့် အစိုးရအဖွဲ့တို့ထံ တင်ပြဆောင်ရွက်ရသဖြင့် စာချုပ်ချုပ်ဆိုမှုတစ်ရပ်ကို အပြီး သတ်လုပ်ဆောင်နိုင်ရန် အချိန် ၂ လခန့် ကြာမြင့်မှုရှိကြောင်း၊ ပုဂ္ဂလိကကဏ္ဍ၏ လုပ်ကိုင်ဆောင် ရွက်မှုမှာ ရက်သတ္တတစ်ပတ်အတွင်း ဆုံးဖြတ်ချက်ချမှတ်နိုင်ကြောင်းဖြင့် Mr Chookiat က ပြော ကြားခဲ့သည်။

          ထို့အပြင် နိုင်ငံခြားငွေလဲနှုန်း အတက်အကျများ၊ အိန္ဒိယအစိုးရ၏ ဆန်တင်ပို့မှု ကန့်သတ် ချက်များနှင့် အယ်လ်နီညိုဖြစ်စဉ်ကြောင့် စိုက်ပျိုးထုတ်လုပ်မှုအပေါ် သက်ရောက်မှုများမှာ အနီး ကပ်စောင့်ကြည့်လျက် စီမံဆောင်ရွက်ရန် လိုအပ်မည်ဟု ၎င်းက ထောက်ပြပြောဆိုထားသည်။

          ထိုင်းဆန်တင်ပို့သူများအသင်းဥက္ကဋ္ဌ Charoen Laothammatas က ထိုင်းဆန်၏ ဈေးနှုန်း သည် ထုတ်လုပ်မှုနှင့် တင်ပို့မှု အခြေအနေနှစ်ရပ်လုံးအပေါ် မူတည်လျက်ရှိကြောင်း၊ နိုင်ငံခြား ကုန်သွယ်မှုဌာန၏ စာရင်းများအရ ၂၀၂၄ ခုနှစ်၊ ပထမလအတွင်း ဆန်တန်ချိန် ၁ သန်းကျော် တင်ပို့ရန် လိုင်စင်ခွင့်ပြုခဲ့သည်ကို တွေ့ရှိရပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၄၄% မြင့်တက် ခဲ့ကြောင်း၊ ရှေ့လာမည့်လများတွင် ဤနှုန်းထားအတိုင်း ဆက်လက်တင်ပို့ခွင့်ပြုပါက ပြည်တွင်း ဆန်ဈေးနှုန်းများ မြင့်တက်စေမည့် သက်ရောက်မှုရှိမည်ကို သံသယဖြစ်ဖွယ်မရှိကြောင်း၊ အစိုးရ အနေဖြင့် နိုင်ငံခြားငွေလဲနှုန်းများ တည်ငြိမ်ရေးကို အလေးပေးဆောင်ရွက်ရန် လိုအပ်ကြောင်း၊  ဗီယက်နမ်နှင့် အိန္ဒိယတို့ကို ယှဉ်ပြိုင်နိုင်ရန်အတွက် အထွက်နှုန်းမြင့်မားပြီး ဈေးကွက်ဝယ်လိုအား ရှိသည့် စပါးမျိုးအသစ်များ ဖော်ထုတ်ခြင်း၊ ဆည်ရေပေးဝေမှုစနစ်ကို ဖွံ့ဖြိုးတိုးတက်စေခြင်းတို့ အပါအဝင် ဆန်စပါးနယ်ပယ်၌ ထိုင်းနိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်းကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် အရှိန် မြှင့်တင် လုပ်ဆောင်သင့်ကြောင်း၊ ယခင်နှစ်၌ ဥရောပဒေသနှင့် အမေရိကန်နိုင်ငံသို့ ကုန်သေတ္တာ တစ်လုံး တင်ပို့မှုစရိတ်သည် ၄ ဆခန့် မြင့်တက်လျက် ဒေါ်လာ ၄၀၀၀ မှ ၆၀၀၀ အတွင်းသို့ ရောက်ရှိခဲ့ရာ သင်္ဘောတင်သယ်ယူပို့ဆောင်မှုစရိတ်များ မြင့်တက်မှုအပေါ် အလေးပေး အဖြေရှာ ဆောင်ရွက်သင့်ကြောင်း အကြံပြု ပြောကြားခဲ့သည်။

Source: Bangkok Post, 8 Feb 2024