၂၀၂၄ ခုနှစ်၌ ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှု ၁၄% ခန့် လျော့ကျဖွယ်ရှိ

Powered by Drupal

          ထိုင်းနိုင်ငံ၏ဆန်တင်ပို့မှုသည် ထုတ်လုပ်မှုနည်းပါးပြီး ပြိုင်ဆိုင်မှုပြင်းထန်လာခြင်းကြောင့် ယခုနှစ်တွင် ၁၄.၄% ကျဆင်းနိုင်ဖွယ်ရှိကြောင်း ထိုင်းပြည်ပကုန်သွယ်မှုဌာန၏ သတင်းအချက် အလက်များအရ သိရှိရပါသည်။

          ယခုနှစ်တွင် ထိုင်းဆန်တင်ပို့သူများအသင်းနှင့် ပူးပေါင်း၍ ဆန်တန်ချိန် ၇.၅ သန်း တင်ပို့နိုင် မည်ဟု ခန့်မှန်းထားကြောင်း၊ တရုတ်၊ ဂျပန်နှင့် မလေးရှားတို့၌ ဆန်စားသုံးမှု ကျဆင်းလာခြင်း ကြောင့် ကုန်သွယ်ဖက်များထံမှ ဝယ်လိုအားလျော့ကျပြီး ဈေးနှုန်းယှဉ်ပြိုင်ရမှု ပြင်းထန်လာနိုင် ကြောင်းနှင့် အိန္ဒိယနိုင်ငံသည် ၎င်း၏ ဆန်ဖြူတင်ပို့မှု ရပ်ဆိုင်းထားခြင်းကို ပြန်လည်ရုတ်သိမ်း လျက် ပုဂ္ဂလိကလုပ်ငန်းများအား ဆန်တင်ပို့မှုများ ပုံမှန်အတိုင်း ပြန်လည်စတင်နိုင်ရေးအတွက် ခွင့်ပြုဖွယ်ရှိကြောင်းဖြင့် အဆိုပါဌာန၏ ညွှန်ကြားရေးမှူးချုပ် Ronnarong Phoolpipat က ပြောကြားခဲ့သည်။

          အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် စပါးအထွက်ပမာဏသည် ယခင်နှစ် ထုတ်လုပ်မှု အောက် ၅.၈၇% ကျဆင်းလာနိုင်ခြင်းနှင့် တိုးမြှင့်ထုတ်လုပ်မှုများကြောင့် ကမ္ဘာ့ဆန်ဈေးကွက် တွင် ပြိုင်ဆိုင်မှုနှင့် စိန်ခေါ်မှုများ ဖြစ်ပေါ်မည့်အခြေအနေတို့ အပါအဝင် အကြောင်းအရင်းများစွာ ကို ထည့်သွင်းစဉ်းစားလျက် ယခုကဲ့သို့ ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုကို လျှော့ချခန့်မှန်းခြင်းဖြစ်သည်။

          ထို့အပြင် ၂၀၂၃ ခုနှစ်မှ ဆန်လက်ကျန်ပမာဏ အမြောက်အများ ကျန်ရှိမှုအရ အင်ဒိုနီးရှား နိုင်ငံ၏ ဆန်ဝယ်ယူမှုမှာ ယခင်နှစ်ကထက် လျော့နည်းနိုင်ဖွယ်ရှိသည်။ တစ်ချိန်တည်းတွင် တရုတ် နိုင်ငံသည် ၎င်း၏ဆန်ထုတ်လုပ်မှုကို တိုးမြှင့်ကာ အဓိကဆန်တင်သွင်းသူအဖြစ်မှ ဖူလုံသော ထုတ်လုပ်သူအဖြစ်သို့ ကူးပြောင်းလာရာ ထိုင်းနိုင်ငံ၏ အနာဂတ်ဆန်တင်ပို့မှုအပေါ် ထိခိုက် သက်ရောက်မည့် အလားအလာများရှိနေပါသည်။

          ထိုင်းပြည်ပကုန်သွယ်မှုဌာနမှ ၁-၂-၂၀၂၄ ရက်နေ့ အစီရင်ခံစာ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်အတွင်း ဆန်တင်ပို့မှုမှာ တန်ချိန် ၈.၇၆ သန်းရှိပြီး တန်ဖိုးအားဖြင့် ဘတ်ငွေ ၁၇၈ ဘီလီယံ (ဒေါ်လာ ၅.၁၄ ဘီလီယံခန့်) ရှိရာ ရည်မှန်းထားသည့်ပမာဏဖြစ်သော တန်ချိန် ၈ သန်းကို ကျော် လွန် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ ဆန်ပို့ကုန်ပမာဏနှင့် တန်ဖိုးသည် ယခင်နှစ်ထက် ၁၃.၆% နှင့် ၂၈.၄% အသီးသီး တိုးတက်ခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ၃၀ ရက်အထိ ဆန်တင်ပို့ မှုမှာ တန်ချိန် ၁.၁၂ သန်းရှိပြီး ယခင်နှစ် အလားတူကာလထက် ၄၄%  တိုးတက်လာခဲ့သည်။

          ထိုင်းအစိုးရသည် ဆန်တင်ပို့မှုမြှင့်တင်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ထိုင်းဆန်စပါးညီလာခံ ၂၀၂၄ (Thailand Rice Convention (TRC) 2024) ကို ယခုနှစ် မေလ၌ နိုင်ငံတကာညီလာခံတစ်ခုအဖြစ် ကျင်းပမည်ဖြစ် သည်။  ကမ္ဘာ့ဈေးကွက် သတင်းအချက်အလက်များ ဖလှယ်ရန်နှင့် စီးပွားရေးလုပ်ငန်းများ ညှိနှိုင်း ချိတ်ဆက်ဆောင်ရွက်နိုင်ရန်အတွက် ၎င်းညီလာခံသို့ ကမ္ဘာ့ဆန်ကုန်သွယ်မှုနယ်ပယ်မှ ကျွမ်းကျင် ပညာရှင်များအား  ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

          ထိုင်းဆန်စပါးညီလာခံ၏နယ်လှည့်ပြပွဲများ (Mobile TRC roadshows) သည် စပါးစိုက်ပျိုး သည့် တောင်သူများသို့ ကမ္ဘာ့ဈေးကွက် လမ်းကြောင်းများဆိုင်ရာ သတင်းအချက်အလက်များကို ပံ့ပိုးပေးမှုနှင့်အတူ စျေးကွက်ဝယ်လိုအားနှင့် လိုက်လျောညီထွေစွာ ဆန်စပါးစိုက်ပျိုး ထုတ်လုပ် နိုင်ရေး တွန်းအားပေးမည်ဖြစ်ကြောင်း  Mr Ronnarong က ပြောကြားခဲ့သည်။

          ထိုင်းပြည်ပကုန်သွယ်မှုဌာနသည် တောင်အာဖရိက၊ ဟောင်ကောင်၊ ဂျပန်၊ စင်္ကာပူ၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့ကဲ့သို့ အဓိကဈေးကွက်များတွင် ဆက်ဆံရေးခိုင်မာစေရန်နှင့် ဆန် ဈေးကွက်ချဲ့ထွင်ရန် စီစဉ်လျက်ရှိကြောင်း၊ အင်ဒိုနီးရှားနှင့် တရုတ်နိုင်ငံတို့ အပါအဝင် နိုင်ငံများစွာ နှင့် အစိုးရချင်းညှိနှိုင်းမှု အစီအစဉ်ဖြင့် ဆန်တင်ပို့ရောင်းချနိုင်ရေး အရှိန်မြှင့်တင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ တရုတ်ဈေးကွက်၌ ဈေးကွက်မြှင့်တင်နိုင်ရန် ထိုင်းဆန်ပြပွဲ (Thai Rice Roadshow) ကိုလည်း စီစဉ်ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

Source: Bangkok Post, 2 February 2024