ကရင်ပြည်နယ်ဒေသထွက် ကိုင်းခရမ်းချဉ်သီးဈေးနှုန်းအခြေအနေ

Powered by Drupal

      ကရင်ပြည်နယ်၊ ဘားအံမြို့ ကျေးရွာများမှ ဒေသခံတောင်သူများသည်  ဟင်းသီးဟင်းရွက်နှင့် ရာသီပေါ်သီးနှံများကို မိသားစုအပိုဝင်ငွေရရှိရန်အတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိရာ ဒေသအခေါ် ကိုင်းခရမ်းချဉ်သီး(ဗမာသီး)များကိုလည်း စိုက်ပျိုးထားရှိပါသည်။ ဒေသခံတောင်သူများ အနေဖြင့် မိမိတို့စိုက်ခင်းမှ ထွက်ရှိလာသော ခရမ်းချဉ်သီးများကို  ဘားအံမြို့ပေါ်ရှိ ဈေးများသို့ လာရောက်ရောင်းချကြရာ ယခုနှစ်ရာသီ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် တောင်သူရောင်းဈေး ၁ ပိဿာ ၃၅၀၀-၄၀၀၀ ကျပ် ဈေးနှုန်းများနှင့် စတင်ဖွင့်ခဲ့ပြီး ယခုလိုဆောင်းရာသီ ဒီဇင်ဘာလ  ခရမ်းချဉ်သီးလှိုင်လှိုင်ပေါ်သည့်ရာသီတွင် တောင်သူရောင်းဈေး ၁ ပိဿာ ၂၀၀၀ မှ ၂၅၀၀ ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     ဒေသထွက် ကိုင်းခရမ်းချဉ်သီး(ဗမာသီး)ကို စားသုံးလျှင် အရသာမှာ လေးပင်ပြီး စား၍ အလွန်ကောင်းပါသည်။ ခရမ်းချဉ်သီးကို  နံနံပင် ၊ ရှမ်းနံနံပင်၊ ပင်စိမ်းတို့ဖြင့် ငါးဟင်းချက်ရာတွင် လည်းကောင်း၊ ငါးခြောက်ဖြင့်လည်းကောင်း၊ ပုစွန်ခြောက်ဖြင့်လည်းကောင်း၊ ပန်ထွေဖျော်ပြုလုပ် ၍လည်းကောင်း၊ ခရမ်းချဉ်သီးအစိမ်းကို သုပ်စား၍လည်းကောင်း၊ လက်ဖက်သုပ်၊ ဂျင်းသုပ်များတွင် လည်းကောင်း၊ ခရမ်းချဉ်သီး အစာသိပ်အဖြစ်လည်းကောင်း အမျိုးမျိုးစားသုံးကြပါသည်။

    ခရမ်းချဉ်သီး၏ ကောင်းကျိုးများအနေဖြင့်လည်း အသားအရေကျန်းမာလှပစေခြင်း၊ အရိုးအဆစ်သန်မာခြင်း၊ကင်ဆာကိုတွန်းလှန်နိုင်ခြင်း၊ သွေးတွင်းသကြားဓာတ်ကိုထိန်းချုပ်ပေးခြင်း၊ အမြင်အာရုံကောင်းမွန်စေခြင်း၊ ဆံသားကျန်းမာသန်စွမ်းခြင်း၊ ကိုယ်အလေးချိန်ကို ထိန်းချုပ်ပေးခြင်း၊ ဆီးကျောက်တည်ခြင်းနှင့် သည်းခြေကျောက်တည်ခြင်း မဖြစ်အောင် ကာကွယ်ပေးပါသည်။ ထို့ပြင်ခရမ်းချဉ်သီးတွင် ဗီတာမင် A ၊ ဗီတာမင် C ၊ ဗီတာမင် K ၊ ဖောလိတ်နှင့် ပိုတက်စီယမ်ဓာတ်၊ သံဓာတ်၊ မဂ္ဂနီစီယမ်၊ အမျှင်ဓာတ်၊ ရေဓာတ်များ ကြွယ်ဝစွာ ပါဝင်ပြီး အစိမ်းလိုက်စားသုံးနိုင်သလို ယိုအဖြစ်လည်းကောင်း၊ ခရမ်းချဉ်သီးဆော့စ်အဖြစ်လည်းကောင်း စားသုံးနိုင်ပြီး ယခုအခါတွင် ခရမ်းချဉ်သီးကို အလှကုန်ပစ္စည်းများတွင်လည်း ထည့်သွင်းအသုံးပြုကြကြောင်း  လေ့လာသိရှိရပါသည်။

DOCA(ကရင်)