
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မဈေး၌ ကုန်မျိုးစုံရောင်းချသောဆိုင် များတွင်ခေါက်ဆွဲ ခြောက်ထုပ်များ ရောင်းအားသွက်လျက်ရှိပါသည်။ ခေါက်ဆွဲကို ဂျုံသီးနှံ ကုန်ကြမ်း မှ ကုန်ချောအဖြစ် ထုတ်လုပ်ခြင်းဖြစ်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ခေါက်ဆွဲစက်ရုံများမှ ပခုက္ကူဈေးကွက်သို့ ဝင်ရောက်ကြောင်း၊ စားသုံးသူများအတွက် ခန္ဓာကိုယ်အားဖြစ်စေပြီး ဈေးနှုန်း သင့်တင့်မျှတစွာဖြင့် အလွယ်တကူ ဝယ်ယူမှုရရှိခြင်းကြောင့် စားသုံးသူများအနေဖြင့် ခေါက်ဆွဲသုပ်၊ ခေါက်ဆွဲကြော်၊ ခေါက်ဆွဲအရည်ပျော်ပြုလုပ်၍ မြန်မာ့ရိုးရာအစားအစာအဖြစ် ရှေးယခင် နှစ်များစွာ ကတည်းက စားသုံးမှုများကြောင်း သိရှိရသည်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ(တတိယပတ်)တွင် ခေါက်ဆွဲခြောက်ထုပ်များ ဈေးတက် ပြီး အရောင်းအဝယ်ဖြစ်နေကြောင်း၊ ခေါက်ဆွဲတွင် အဝါရောင်နှင့်အဖြူရောင် နှစ်မျိုးရှိပြီး ခေါက်ဆွဲ သား အကောင်းနှင့် စက်ကျအကျိုးဟူ၍ နှစ်မျိုးခွဲခြားရောင်းချကြောင်း၊ “ရွှေဒင်္ဂါး” အဝါရောင် ခေါက်ဆွဲ ခြောက်တစ်စီးလျှင် ကျပ်(၁၁၀၀)၊ (၂၅)ထုပ်ပါတစ်ထုပ်လျှင် ကျပ်(၂၆၅၀၀)၊ ခေါက်ဆွဲကျိုး စက်ကျ တစ်ပိဿာလျှင် ကျပ်(၇၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ “စွမ်းထက်” ခေါက်ဆွဲ ခြောက် (၅၀)ကျပ်သားပါ တစ်ထုပ်လျှင် ကျပ်(၄၅၀၀)၊ အထုတ်(၃၀)ပါ တစ်ဖာလျှင် ကျပ်(၁၃၅၀၀၀)၊ (၂၅)ကျပ်သားပါ တစ်ထုပ်လျှင် ကျပ်(၂၅၀၀)၊ (၅၀)စီးပါတစ်ဖာလျှင် ကျပ်(၁၂၅၀၀၀)၊ စက်ကျအကျိုး တစ်ပိဿာလျှင် ကျပ်(၅၀၀၀)ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခုအချိန်သည် ဝါတွင်းကာလ ရာသီချိန်ဖြစ်၍ ယခင်ကထက် ပို၍ ရောင်းအားကောင်းလျက်ရှိကြောင်း၊ ပခုက္ကူမြို့နယ်ရှိ ကျေးရွာ များမှ ပို၍ရောင်းရကြောင်း၊ တစ်ပတ်အတွင်း ခေါက်ဆွဲခြောက်ပိဿာ (၆၅၀-၇၀၀)ခန့်ရောင်းချ ရကြောင်းပခုက္ကူမြို့မဈေးရှိခေါက်ဆွဲခြောက်ရောင်းချသူထံမှ သိရှိရပါသည်။
DOCA(မကွေး)
