ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဖြစ်ပေါ်နေသည့် ကြံသီးနှံဈေးကွက်

Powered by Drupal

        ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကြံစိုက်ပျိုးသည့်မြို့နယ် (၆)မြို့နယ် တို့မှာ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိ၊ ဇေယျာသီရိမြို့နယ်တို့ ဖြစ်သည်။ အဆိုပါ မြို့နယ်များအနက် လယ်ဝေးမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့တွင် ကြံစိုက်ပျိုးသည့်ဧရိယာ အများဆုံး ဖြစ်သည်။ ယခုအခါ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အတွင်း၌ လည်ပတ်နေသော သကြားစက် (၃)စက်ရှိပြီး ပျဉ်းမနားမြို့နယ်တွင် ပျဉ်းမနားသကြားစက်၊ တပ်ကုန်းမြို့နယ်တွင် ဒဟတ်ကုန်း သကြားစက်၊ လယ်ဝေးမြို့နယ်တွင် တောင်ဇဉ်အေး(သာဝတ္ထိ)သကြားစက်တို့ဖြစ်ပြီး ဒဟတ်ကုန်း သကြားစက်နှင့် တောင်ဇဉ်အေးသကြားစက်တို့ကို International Gate Ways ကုမ္ပဏီလီမိတက်မှ လည်းကောင်း၊ ပျဉ်းမနားသကြားစက်ကို ယုဇနကုမ္ပဏီလီမိတက်မှလည်းကောင်း တာဝန်ယူ လည်ပတ်လျက် ရှိပါသည်။ တပ်ကုန်းမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်တို့မှ စိုက်ပျိုး ထွက်ရှိသော ကြံများကို ဒဟတ်ကုန်းသကြားစက်သို့လည်းကောင်း၊ ပျဉ်းမနားမြို့နယ်နှင့် ဥတ္တရသီရိ မြို့နယ်တို့မှ ထွက်ရှိသောကြံများကို ပျဉ်းမနားသကြားစက်သို့လည်းကောင်း၊ လယ်ဝေးမြို့နယ် အတွင်းမှ ထွက်ရှိသောကြံများကိုတောင်ဇဉ်အေး သကြားစက်သို့လည်းကောင်း ရောင်းချလျက် ရှိပါသည်။ ယခု နှစ်တွင် ပျဉ်းမနားသကြားစက်အနေဖြင့် ကြံတန်ချိန်(၂၅၀၀၀)၊ ဒဟတ်ကုန်းသကြားစက် အနေဖြင့် တန်ချိန်(၆၀၀၀၀)၊ တောင်ဇဉ်အေးသကြားစက် အနေဖြင့် တန်ချိန်(၈၀၀၀၀)ဝယ်ယူ သွားမည် ဖြစ် ကြောင်း သိရှိရပါသည်။

          ၂၀၂၁ ခုနှစ် ကြံစိုက်ရာသီတွင် (၁၀၀၂၉)ဧက စိုက်ပျိုးခဲ့ပြီး စိုက်ဧကအားလုံး ရိတ်သိမ်းနိုင်ခဲ့ရာ တစ်ဧကအထွက်နှုန်းမှာ (၂၂)တန်ခန့် ထွက်ရှိသဖြင့် စုစုပေါင်း တန်ချိန်(၂၂၀၆၃၈)ထွက်ရှိမည်ဟု ခန့်မှန်း ရပါသည်။ အထက်ပါစက်ရုံ(၃)ရုံမှ ဝယ်ယူမည့် လျာထားတန်ချိန်မှာ (၁၆၅၀၀၀)တန် ဖြစ်သော ကြောင့် ပိုနေသည့်ကြံများကို မျိုးပွားကြံနှင့် အခြားသုံးဖြစ်သော ကြံသကာချက်ခြင်း၊ ကြံရည် ကြိတ်ခြင်း၊ စားသုံးခြင်းစသည်တို့အတွက် အသုံးပြုရမည်ဖြစ်ကြောင်း ကြံစိုက်ပျိုးသည့် တောင်သူ များထံမှ သိရှိရပါသည်။ ကြံဈေးနှုန်းအနေဖြင့် စက်ရုံအရောက်ဈေးနှင့် ကွင်းဈေးဟူ၍ (၂)မျိုး ခွဲထား သည်။ စက်ရုံအရောက်ဈေးမှာ ကြံတစ်တန်လျှင် (၅၂၅၀၀)ကျပ်ဖြစ်ပြီး ကွင်းဈေးမှာ (၄၃၀၀၀) ကျပ်ဖြင့် ဝယ်ယူလျက်ရှိကြောင်း သိရပါသည်။

          ယခုနှစ်တွင် မိုးရေချိန်လုံလောက်စွာရရှိသောကြောင့် ကြံအထွက်နှုန်းကောင်းသည်ဟု ဆိုနိုင် ပါသည်။ ယခင်နှစ်များတွင် တစ်ဧကလျှင် ကြံတန်ချိန် တန်(၂၀)ခန့်သာ ထွက်ရှိသည်ဟု တောင်သူများ ထံမှ သိရပါသည်။ ၂၀၂၁ခုနှစ် ကြံစိုက်တောင်သူများ၏ တွက်ခြေကိုက်မှုအခြေအနေနှင့်ပတ်သက်၍  ကြံစိုက်ပျိုးမှုတစ်ဧကကုန်ကျစရိတ်မှာ (၇၂၀၀၀၀)ကျပ် ဝန်းကျင်ဖြစ်ပြီး တစ်ဧကအကျိုးအမြတ်မှာ (၄၃၅၀၀၀)ကျပ်ရှိကြောင်း တောင်သူများထံမှ သိရပြီး၊ ကြံရာသီကြိတ်ခွဲထုတ်လုပ်မှုကို ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်မှ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်ထိ စက်ရုံများ လည်ပတ်သွားမည် ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပြည်ထောင်စုနယ်မြေ)