စားသုံးသူအခွင့်အရေးများသိရှိဖို့ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးစို့

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က အနီးကပ်ကြီးကြပ်၍  ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့်ဝန်ထမ်းများအဖွဲ့သည် (၁၁-၁၂-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊  အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၌ ဆရာ/ဆရာမ (၇)ဦး၊ ကျောင်းသား/ကျောင်းသူ (၉၀)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

     ဦးစီးမှူး ဦးမြတ်မင်းက ဆွေးနွေးရာတွင် ဌာန၏သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ဦးစီးဌာန၏ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများ၊ ဌာန၏လက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ရေးဆောင်ရွက်ရာတွင် စားသုံးသူ၏ရုပ်ပိုင်းဆိုင်ရာဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာဖြစ်စေ၊ ငွေကြေးပိုင်းဆိုင်ရာဖြစ်စေ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများနှင့် စားသုံးသူရေးရာကိစ္စများစုံစမ်းမေးမြန်းရန်အတွက် Consumer Call Center (1535) ဖွင့်လှစ်ထားကြောင်းနှင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်းကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

     ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်လှိုင်ဥမ္မာဦးက ဦးစီးဌာန၏ဆောင်ပုဒ်ဖြစ်သော စားသုံးသူအခွင့်အရေး ဦးစားပေးရန်မှာ အလွန်အရေးကြီးသောကြောင့် ယခုကဲ့သို့ လာရောက်အသိပညာပေးရခြင်းဖြစ်ကြောင်း၊ အခွင့်အရေးနှင့်တာဝန်များကိုသိရှိမှသာ ရယူနိုင်ပြီး နစ်နာဆုံးရှုံးမှုများဖြစ်ပေါ် မလာနိုင်ကြောင်း၊ ကုန်စည် (သို့) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ထိခိုက်နစ်နာမှုများရှိလာပါက တိုင်ကြားခွင့်၊ အလျော်အစားရပိုင်ခွင့်နှင့် ကုစားခွင့်များရှိကြောင်း သိရှိစေရန်  ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပါသည်။

   ၎င်းနောက် အငယ်တန်းစာရေး ဒေါ်ခိုင်ဇင်ကျော်က စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်(၈)ချက်ကို ကျောင်းသား/သူများ အလွယ်တကူနားလည်နိုင်စေရန်အတွက် နမူနာများဖြင့်ရှင်းလင်းပြသ၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသောစားသောက်ကုန်နှင့် သတ်မှတ်ချက်နှင့်မညီသောအစားအသောက်များကို ခွဲခြားတတ်စေရန်နှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။ ဆက်လက်၍ အသိပညာပေးဟောပြောဆွေးနွေးပွဲအပြီးတွင် ဟောပြောခဲ့သည့် အကြောင်းအရာများကို အမေး၊ အဖြေများဖြင့်မေးမြန်း၍ ဖြေဆိုနိုင်သူများအား အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)