တရုတ်နိုင်ငံ၌ ကောက်ပဲသီးနှံ ထုတ်လုပ်မှု မြင့်တက်

Powered by Drupal

    တရုတ်နိုင်ငံသည် ၂ဝ၂၃ ခုနှစ်အတွင်း ကောက်ပဲသီးနှံမက်ထရစ်တန်ချိန် ၆၉၅.၄၁ သန်း  ထုတ်လုပ်နိုင်ခဲ့ပြီး ယခင်နှစ်ထုတ်လုပ်နိုင်မှုအပေါ် တန်ချိန် ၈.၈၈ သန်း (၁.၃%) တိုးတက်လာခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရိုဌာနက ၁၁-၁၂-၂ဝ၂၃ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံရှိ ပြည်နယ်အဆင့်အုပ်ချုပ်မှုဒေသ ၃၁ ခုတွင် ကောက်ပဲသီးနှံစိုက်ဧရိယာ ဟက်တာ ၁၁၉ သန်းအထိ ဖြစ်လာခဲ့ပြီး ယခင်နှစ်ထက် ဝ.၅% ပိုမိုများပြားလာခဲ့ကြောင်း အဆိုပါဗျူရိုက အစီရင်ခံစာတစ်ခုတွင် ဖော်ပြခဲ့ပါသည်။

    ၂ဝ၂၃ ခုနှစ်အတွင်း ကောက်ပဲသီးနှံထုတ်လုပ်မှုမှာ တစ်ဟက်တာလျှင် ပျှမ်းမျှ ၅.၈၄၅ တန် ထုတ်လုပ်နိုင်ခဲ့ပြီး ယခင်နှစ်ထက် ဝ.၈% ပိုမိုလာခဲ့ကြောင်းနှင့် နွေရာသီကာလအတွင်း အပူလှိုင်း ကျရောက်ခဲ့မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုတို့ကြောင့် အချို့သောလယ်ယာမြေများရှိ ကောက်ပဲ သီးနှံထုတ်လုပ်မှုကို ထိခိုက်စေပြီး နယ်မြေဒေသအချို့တွင် ရိတ်သိမ်း၍ မရနိုင်အောင် ပျက်စီးမှု ဖြစ်ပေါ်ခဲ့သော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်မူ ကောက်ပဲသီးနှံထွက်ရှိမှု တိုးတက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

   အောက်တိုဘာလနှောင်းပိုင်း၌ ကျင်းပပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် လယ်ယာစိုက်ပျိုးရေးဌာနမှ အရာရှိများက တရုတ်နိုင်ငံ၌ သီးနှံစိုက်ပျိုးဧရိယာများပြားလာမှု၊ အထွက်နှုန်းမြင့်မားသော သီးနှံမျိုးများကို ပြောင်းလဲအသုံးပြုမှုနှင့် ပုံမှန်ထက် အားပျော့လာသော ရာသီဥတုခြောက်သွေ့မှု တို့ကြောင့် ကောက်ပဲသီးနှံထုတ်လုပ်မှုမှာ ပိုမိုတိုးတက်လာနိုင်ကြောင်း ပြောကြားခဲ့ကြပါသည်။

Source: China Daily, 11 Dec 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)