ပခုက္ကူမြို့မစည်ပင်ဈေးတွင် ခရမ်းသီးများ ဈေးကောင်းရနေ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်ရှိ ကျေးရွာများတွင် ဆောင်းရာသီ၌ အဓိကထွက်သည့် ရာသီစာခရမ်းသီးများ လှိုင်လှိုင်ပေါ်လျက်ရှိပြီး ဈေးကောင်းများရရှိလျက်ရှိပါသည်။ ခရမ်းသီးကို ပခုက္ကူကျွန်း၊ ရွာသစ်ကုန်း၊ သင်္ဘောကုန်းကျွန်း၊ ကုက္ကိုလ်လှကျွန်း၊ ကျွန်းဦးကျွန်းညို ကျေးရွာများနှင့် ကမ္မမြို့နယ်များတွင် အဓိကစိုက်ပျိုးကြပါသည်။ ခရမ်းသီးအမျိုးအစားများမှာ ထောပတ်သီး၊ စိမ်းကြားသီး၊ ခရမ်းညိုသီးများဖြစ်ပြီး ဈေးနှုန်းများမှာလည်း ကွာခြားလျက်ရှိကြောင်း၊ ထောပတ်သီးကို မီးဖုတ်၍သော်လည်းကောင်း၊ နှပ်၍သော်လည်းကောင်း စားသုံးရာတွင် အလွန်ကောင်း၍ လူကြိုက်အများဆုံးဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှလည်း ပခုက္ကူဒေသထွက်ခရမ်းသီးကို အလွန်ကြိုက်နှစ်သက်ကြပါသည်။

    ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)တွင် ကမ္မမြို့နယ်မှထွက်ရှိသော ခရမ်းသီးဈေးနှုန်းများမှာ ခရမ်းသီးအကောင်းတစ်ပိဿာလျှင် ကျပ်(၁၆၀၀မှ ၂၀၀၀)၊ ပိုးထိုးတစ်ပိဿာလျှင်ကျပ်(၈၀၀မှ ၁၀၀၀)၊ ကျွန်းဘက်မှထွက်ရှိသော ခရမ်းသီးများ၏ဈေးနှုန်းမှာ အလုံးကြီးတစ်ပိဿာလျှင် ကျပ်(၄၀၀၀)၊ အလုံးအလတ်မှာ တစ်ပိဿာလျှင် ကျပ်(၂၅၀၀မှ ၃၀၀၀)၊ ပိုးထိုးတစ်ပိဿာလျှင် ကျပ်(၁၅၀၀)ဖြင့်ရောင်းချနေပြီး နေ့စဉ် ကုန်ချိန် (၂၀၀)ပိဿာကျော် မြို့မစည်ပင်သာယာဈေးနှင့် ပျံကျဈေးတို့တွင် ဝင်ရောင်းအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)