တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ဖြစ်ပေါ်နေသော ကုန်သွယ်ရေးနှင့်စီးပွားရေးသတင်းများ

Powered by Drupal

တရုတ်နိုင်ငံ

ပဲပုပ်စိုက်ပျိုးရန် မျိုးစေ့ပိုင်းဆိုင်ရာ နည်းပညာပြင်ဆင်အသုံးပြုရန် စီစဉ်ထားခြင်း

          တရုတ်နိုင်ငံသည် မျိုးရိုးဗီဇပြုပြင်ထားသော Genetically Modified(GM) အတည်ပြုချက် ရရှိရန် အရှိန်မြှင့်တင်နိုင်မည့် ပဲပုပ်နှင့်အခြားသောဆီထွက်သီးနှံများအား ပြည်တွင်း၌ စိုက်ပျိုးထုတ် လုပ်မှုကိုမြှင့်တင်ရန် ကြိုးပမ်းအားထုတ်လျှက်ရှိပြီး ပဲပုပ်နှင့် အခြားသောဆီထွက်သီးနှံများ တိုးချဲ့ထုတ်လုပ်ခြင်းဖြင့် လာမည့်နှစ်အတွင်း တရုတ်နိုင်ငံ၌ နှံစားသီးနှံနှင့် ပြောင်းထွက်ကုန်များ ထုတ်လုပ်ပံ့ပိုးမှု တည်ငြိမ်ရန်မျှော်မှန်းထားကြောင်း၊ စိုက်ပျိုးရေးထွက်ကုန်များဖြစ်သည့် ပဲပုပ်၊ ပြောင်း၊ မုန်ညင်းစေ့နှင့် ဆီအုန်းဝယ်ယူမှုတွင် တရုတ်နိုင်ငံသည် ကမ္ဘာ့အများဆုံးဝယ်ယူသည့်နိုင်ငံဖြစ်ပြီး ပဲပုပ် ကုန်သွယ်မှုမှာ နိုင်ငံရေး၊ သံတမန်ရေးတို့နှင့်ဆက်စပ်လျက်ရှိကြောင်း၊ ပြည်ပနိုင်ငံများအပေါ် မှီခိုမှု လျှော့ချခြင်းဖြင့် ကုန်သွယ်မှုစေ့စပ်ညှိနှိုင်းရေးအား အထောက်အပံ့ဖြစ်စေကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မျိုးရိုးဗီဇပြုပြင်ထားသော GM သီးနှံများဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ပြင်ဆင်ရန် အဆိုပြု ထားခြင်းမှာ စားနပ်ရိက္ခာဖူလုံရေးအတွက် စိုးရိမ်မှုများမြင့်တက်လျက်ရှိချိန်တွင်  တရုတ်နိုင်ငံ၏ မျိုးစေ့ ထုတ်လုပ်ငန်းအား ပိုမိုအားကောင်းစေမည်ဖြစ်သည်ဟု South China Morning Post သတင်းစာ၌ ဖော်ပြထားရာ အဆိုပါသတင်း၌ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှု ပြောင်းလဲရန်အတွက် ရာသီဥတုဒဏ် ကြံ့ကြံ့ခံနိုင်သည့်နှံစားသီးနှံများ ပံ့ပိုးဖြည့်ဆည်းမှုမြှင့်တင်နိုင်ရန် ပေကျင်းအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းဒေသတွင် ဆီထွက်သီးနှံများ စိုက်ပျိုးရန် မူဝါဒများ ပိုမို ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည်စားသုံးဆီတင်သွင်းမှုတွင် လိုအပ်ချက်၏ (၂၀%) တင်သွင်းလျှက်ရှိပြီး ကမ္ဘာ့ဒုတိယအများဆုံး တင်သွင်းနေသည့်နိုင်ငံဖြစ်ရာ ပြည်ပနိုင်ငံများမှ  ဆီအုန်းနှင့် ပဲပုပ်များတင်သွင်းရန် မှီခိုအားထားမှု မြင့်မားလျက်ရှိသော်လည်း ပြောင်းနှင့်ပဲပုပ်သီးနှံများအတွက် မျိုးရိုးဗီဇပြုပြင်ထားသောမျိုးစေ့များ စီးပွားဖြစ်ထုတ်လုပ်လာမှုမှာ ပုံမှန် လည်ပတ် လုပ်ကိုင်ဆောင်ရွက်လာကြောင်း ရေးသားဖော်ပြထားသည်ကို သိရှိရပါသည်။

(ရင်းမြစ်- ဟောင်ကောင်မြို့ စီးပွားရေးသံမှူး ပေးပို့သည့်သတင်း)

ဂျပန်နိုင်ငံ

၂၀၂၂ ခုနှစ်တွင် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအလားအလာများရှိကြောင်းမျှော်လင့်

          ဂျပန်စီးပွားရေးလုပ်ငန်းများ၏ ၈၄% ခန့်သည် ၂၀၂၂  ခုနှစ်တွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း ကျဆင်းသွားပြီး တစ်ဉီးချင်းစားသုံးမှုနှုန်းများလည်း ပြန်လည်မြင့်တက်လာမည်ဖြစ်၍ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအလားအလာများရှိသည်ဟု မျှော့်လင့်နေကြသည်ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက် နေ့တွင်ထုတ်ပြန်ခဲ့သော ကျိုဒိုသတင်းဌာနကဆောင်ရွက်သည့် စစ်တမ်းအဖြေများအရ သိရှိရကြောင်း၊ ကုမ္ပဏီပေါင်း(၁၀၆)ခု အပေါ် စစ်တမ်းကောက်ယူခဲ့ရာ၌ ကုမ္ပဏီ(၁၃)ခုကသာ ကူးစက်ရောဂါနှင့်ပတ်သက်၍  စိုးရိမ်မှုများရှိနေပြီး ဂျပန်နိုင်ငံ၏ စီးပွားရေးသည် ဆက်လက်ကျဆင်းမည့် အလားအလာရှိသည်ဟု ခန့်မှန်းထားပြီး ကုန်ကြမ်းပစ္စည်းဈေးနှုန်းများမြင့်တက်လာခြင်း၊ စားသုံးသူများ၏ သုံးစွဲနှုန်း လျော့ကျ နေဆဲဖြစ်သည်ဟုယူဆခြင်းနှင့် လက်ရှိ၌ အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်မှုများ ရှိနေဆဲဖြစ်ခြင်းတို့ကြောင့် နိုင်ငံ့စီးပွားရေးတိုးတက်လာမှုနှုန်း သိသာစွာမြင့်တက်လာနိုင်မည် မဟုတ်ဟုယူဆကြောင်း၊ ကုမ္ပဏီ(၈၄)ခုကမူ ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံ့စီးပွားရေးမှာ အလယ်အလတ်နှုန်းထားဖြင့် တိုးတက်လာမည်ဟုမျှော်လင့်ထားပြီး ကုမ္ပဏီ(၅)ခုက ထိုထက်ပို၍ စီးပွားရေးတိုးတက်လာနိုင်သည်ဟု မျှော်လင့်ကြောင်း၊ ဂျပန်နိုင်ငံမှ စားသုံးသူများသည် ကုန်ကြမ်းပစ္စည်းများ ဈေးတက်လာခြင်းနှင့် ဂျပန်ယန်းငွေ တန်ဖိုးကျဆင်းလာခြင်းတို့ကြောင့် နေ့စဉ်အသုံးစရိတ်များ ချွေတာလာကြသည်ကို တွေ့ရကြောင်း၊       ဝန်ကြီးချုပ်၏ အဓိကမူဝါဒရေးရာများနှင့်ပတ်သက်၍ ကျိုဒိုသတင်းဌာနမှ စစ်တမ်းကောက်ယူရာတွင်  ကုမ္ပဏီအားလုံး၏ ၅၄% မှာ ဒစ်ဂျစ်တယ်စနစ်သို့ အသွင်ကူးပြောင်းရေးကိုလက်ခံကြပြီး ၄၈% ကမူ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးချမှုဆိုင်ရာမူဝါဒကို ထောက်ခံကြောင်း၊ ၂၀၅၀ ပြည့်နှစ်အရောက်တွင် ကာဗွန်ဓါတ်ငွေ့လျှော့ချရေးရည်မှန်းချက်ကို အောင်မြင်စွာဖော်ဆောင်နိုင်ရန် ဂျပန်အစိုးရအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးချမှုကို ၂၀၁၉ ဘဏ္ဍာနှစ်အတွင်းက အသုံးချမှု ၁၈% ထက် နှစ်ဆ ပိုမိုကာ ၂၀၃၀ ဘဏ္ဍာနှစ်အတွင်း ၃၆%မှ ၃၈%သို့ရောက်ရှိရန် ကြိုးပမ်းနေကြောင်းသိရှိရပါသည်။

(ရင်းမြစ်- တိုကျိုမြို့ စီးပွားရေးသံမှူး ပေးပို့သည့်သတင်း)

ထိုင်းနိုင်ငံ

၂၀၂၂ ခုနှစ်တွင် စီးပွားရေးတိုးတက်မှု ၄.၂% ရရှိရန်မျှော်မှန်း

          အစိုးရအနေဖြင့် ၎င်း၏ ၂၀၂၃-၂၀၂၆ အလယ်အလတ် ဘဏ္ဍာရေးမူဝါဒမူဘောင်အရ စီးပွားရေးတိုးတက်မှုနှုန်းကို ၄.၂% အထိရရှိရန် မျှော်မှန်းထားပြီး ထိခိုက်ပျက်စီးလွယ်သော စီးပွားရေးကို အထောက်အကူဖြစ်စေရန်အတွက် ဘတ်ဂျတ်လိုငွေပြမှုကို ထိန်းထားနိုင်ရန် စီစဉ်လျက်ရှိရာ အစိုးရ၏ လက်ထောက်ပြောရေးဆိုခွင့်ရှိ၏အဆိုအရ အစိုးရအဖွဲ့မှ အတည်ပြုခဲ့သော စီးပွားရေးမူဘောင်အရ  စီးပွားရေးတိုးတက်မှုအနေဖြင့် ၂၀၂၃ ခုနှစ်တွင် ( ၃.၂%-၄.၂%)၊ ၂၀၂၄ ခုနှစ်တွင်  ( ၂.၉ %- ၃.၉ %)နှင့် ၂၀၂၅-၂၀၂၆ ခုနှစ်များတွင် (၂.၈%-၃.၈%) ရရှိရန်ဖြစ်ကြောင်း၊ ၂၀၂၃-၂၀၂၆ ခုနှစ်အတွက် အသားတင် ဝင်ငွေမှာ ထိုင်းဘတ်ငွေ (၂.၄၉)ထရီလီယံ၊ (၂.၅၆)ထရီလီယံ၊(၂.၆၄)ထရီလီယံ၊ (၂.၇၂) ထရီလီယံတို့ဖြင့် အသီးသီးရရှိရန် ခန့်မှန်းထားပြီး အသုံးစရိတ်ဘတ်ဂျတ်မှာ ဘတ်ငွေ(၃.၁၉)ထရီလီယံ၊ (၃.၂၇)ထရီလီယံ (၃.၃၆)ထရီလီယံနှင့် (၃.၄၆)ထရီလီယံတို့ဖြင့် အသီးသီးသုံးစွဲရန်ခန့်မှန်းထားကြောင်း၊ ၂၀၂၃-၂၀၂၆ မူဘောင်အရ ဘတ်ဂျတ်လိုငွေပြမှုသည် ထိုင်းဘတ်ငွေ (၆၉၅)ဘီလီယံ၊ (၇၁၀)ဘီလီယံ၊ (၇၂၃)ဘီလီယံ၊ (၇၃၆)ဘီလီယံတို့ဖြင့် အသီးသီးရရှိမည်ဟုခန့်မှန်းထားကြောင်း၊ အဆိုပါမူဘောင်သည် စီးပွားရေးနှင့် လိုက်လျောညီထွေရှိစေရန် အချိန်အခါ အလိုက်ပြင်ဆင်ရန်လိုအပ်ကြောင်း၊ ၂၀၂၂-၂၀၂၅ ခုနှစ်၊ စီးပွားရေးမူဘောင်အရ စီးပွားရေးတိုးတက်မှုမှာ  ၂၀၂၂ ခုနှစ်အတွက်  (၃-၄%)၊ ၂၀၂၃ ခုနှစ်အတွက် (၂.၇-၃.၇%)၊ ၂၀၂၄ ခုနှစ်အတွက် (၂.၉-၃.၉%)ရရှိရန်ဖြစ်ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ဗန်ကောက်မြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)