ပြည်ခရိုင်တွင် ဝါသီးနှံများစတင်ထွက်ပေါ်

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အနေဖြင့် ဝါစိုက်ဧကမှာ (၁၂၈၉၃)ဧကရှိပြီး ဝါကြီးစိုက်ဧကမှာ (၁၈၀၄)ဧကနှင့် ချည်မျှင်ရှည်ဝါစိုက်ဧကမှာ (၁၁၀၈၉)ဧကရှိပါသည်။ ဝါသီးနှံကို ဇူလိုင်လဖြစ်သော မိုးလယ်ရာသီတွင်စိုက်ပျိုးပြီး ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းတွင် အနည်းငယ်စတင်ထွက်ပေါ်လာပါသည်။ စိုက်ပျိုးသောဝါအမျိုးအစားမှာ တစ်စေ့ဝါအမျိုးအစားဖြစ်ပြီး တစ်ဧကလျှင် ဝါပိဿာချိန် (၅၀၀)ပိဿာခန့်ထွက်ရှိနိုင်သည်ဟု ခန့်မှန်းသိရှိရပါသည်။ ယခင်နှစ်တွင် ဝါတစ်ဧကလျှင် ပိဿာချိန် (၈၀၀) ပိဿာခန့်ထွက်ရှိသဖြင့် ယခုနှစ်တွင် အထွက်နှုန်းလျော့နည်းလာကြောင်းတွေ့ရပါသည်။ ဝါတစ်ဧကစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ကျပ်(၄)သိန်းခန့်ကုန်ကျပြီး ဈေးနှုန်းများအနေဖြင့် ယခုနှစ် လက်တလောဝါရောင်းဈေးမှာ တစ်ပိဿာလျှင် ၂၈၀၀ကျပ်ရရှိသဖြင့် တစ်ဧကအကျိုးအမြတ်အနေဖြင့် (၁၀)သိန်းကျပ်ခန့်ရရှိကြောင်းသိရပါသည်။ ယခင်နှစ်တွင် ဝါဈေးနှုန်းမှာ တစ်ပိဿာလျှင် ၁၄၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဝါအထွက်နှုန်းကောင်းသော်လည်း ဈေးနှုန်းာနည်းသဖြင့် တစ်ဧကအကျိုးအမြတ်မှာ ကျပ်(၅)သိန်းခန့်ရရှိကြောင်းသိရပါသည်။

      ပြည်ခရိုင်အတွင်း ထွက်ရှိသောဝါများကို ဝါကြိတ်စက်ရုံများက ဝယ်ယူလျက်ရှိကြပြီး ရွာပွဲစားများကလည်းဝယ်ယူကာ အောင်လံနှင့်မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်းသိရပါသည်။ ဝါစိုက်တောင်သူများအနေဖြင့် သွင်းအားစုဖြစ်သော ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာများဈေးနှုန်းမြင့်တက်လာမှုကြောင့် သွင်းအားစုဈေးနှုန်းများ သက်သာစွာရရှိနိုင်ရေး မျှော်လင့်လျက်ရှိပါသည်။ ထို့ပြင် တောင်သူများအတွက် မျိုးကောင်း၊ မျိုးသန့်များ၊ စိုက်ပျိုးနည်းစနစ်များကိုဖြန့်ဝေပေးနိုင်လျှင် အထွက်နှုန်းပိုလာမည့်အပြင် ဝါအရည်အသွေးကောင်းများလည်းရရှိလာနိုင်မည်ဖြစ်ပြီး ဝါဂွမ်းမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်ချည်မျှင်နှင့်အထည်အလိပ်များကို ဒေသအတွင်းထုတ်လုပ်လာနိုင်ပါက အခြားသောအခွင့်အလမ်းများအပြင် နိုင်ငံတော်အတွက်လည်း ဝင်ငွေများပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)