ကမ္ဘာ့နိုင်ငံများတွင်ဖြစ်ပေါ်နေသော စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများတင်ပြခြင်း

Powered by Drupal

ဂျပန်နိုင်ငံ
ဂျပန်ရိုးရာစက္ကူဗူးများဖြင့်ထုပ်ပိုးကာ ပြည်ပပို့ကုန်တိုးမြှင့်‌ရေးဆောင်ရွက်နေသည့်သတင်း
ဂျပန်နိုင်ငံမှသစ်သီးများနှင့်ဟင်းသီးဟင်းရွက်များကို ကျယ်ကျယ်ပြန့်ပြန့် လက်ကားရောင်းချ နေသည့် Tokyo Seika Corporation သည် ပြည်ပတင်ပို့ရာတွင် ထုပ်ပိုးမှုဒီဇိုင်းပုံစံအသစ်များဖြင့်ထုပ်ပိုး ကာ တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်း၊ Tokyo Seika Corporation အနေဖြင့် အခြားသောနိုင်ငံများမှ တင်ပို့သည့် သစ်သီးနှင့်ဟင်းသီးဟင်းရွက်ပို့ကုန်များနှင့်မတူဘဲ တမူထူးခြားစေရန် ဂျပန်ရိုးရာပုံစံဖြင့် ခမ်းနားစွာ ဖန်တီးထားခြင်းဖြစ်ကြောင်း၊ Tokyo Seika Corporation သည် SUGIO အမှတ်တံဆိပ်ဖြင့် ဂျပန်နိုင်ငံထွက်သစ်သီးမျိုးစုံကို ပြည်ပသို့တင်ပို့နေသည့် Wismettac Foods,Inc နှင့်လုပ်ငန်းအတူတကွ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ဂျပန်ဘာသာစကားဖြင့် SUGIO ဆိုသည်မှာ အလွန်ကောင်းမွန်သည်ဟု အဓိပ္ပာယ်ရကြောင်း၊ Tokyo Seika Corporation နှင့် Wismettac Foods,Inc တို့သည် စက္ကူဗူးများထုတ်လုပ်သည့် Rengo Co., Ltd., နှင့် ပူးပေါင်းကာ လှပသည့်ဂျပန်ရိုးရာစက္ကူဗူးများဖြင့် ထုပ်ပိုးထားသော သစ်သီးများတင်ပို့ရန်ပြင်ဆင်နေကြောင်း၊ ၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ကန်စွန်းဥများနှင့် တန်ဂျရင်းလိမ္မော်သီးများ(tangerine oranges)ကို စတင် တင်ပို့နေပါကြောင်း၊ ပြည်ပဈေးကွက်တွင် ၎င်းတို့၏ ကုန်ပစ္စည်းများကို တုပ၍ ရောင်းချခြင်းများမဖြစ်စေရန် ဂျပန်ရိုးရာဒီဇိုင်းများပါသည့် စက္ကူဗူးများကို အသုံးပြုခြင်း ဖြစ်ကြောင်း၊ ၎င်းတို့၏ကုန်ပစ္စည်းအရသာနှင့် အရည်အသွေးပိုင်းကောင်းမွန်မှုကို စားသုံးသူများသိရှိခံစားနိုင်ရန် ရည်ရွယ်‌ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊အီဘာရာခိစီရင်စုရှိ ဒေသခံစိုက်ပျိုးရေးသမဝါယမအစုအဖွဲ့ ဖြစ်သည့် JA Namegata Shoisai သည် ယခုနှစ်အတွင်း ကန်စွန်းဥ တန်ချိန် (၆၈၀)ခန့် ပြည်ပသို့တင်ပို့ ရန် စီမံချက်ချထားကြောင်း၊ အဆိုပါပမာဏသည် ယခင်နှစ်မှ ပမာဏထက် ၁၀ ဆခန့် များပြားကြောင်း၊ ၎င်းတို့အနေဖြင့် ဂျပန်ရိုးရာဒီဇိုင်းဖြင့် လှပစွာပုံဖော်ထားသည့် စက္ကူဗူးများအသုံးပြုကာ ပြည်ပသို့ ဂျပန် နိုင်ငံထွက်အရည်အသွေးမြင့်ကုန်ပစ္စည်းများတင်ပို့ရခြင်းကြောင့် များစွာအားတက်ရပြီး ဆက်လက်၍ လည်း ကြိုးပမ်း‌ဆောင်ရွက်သွားမည်ဟု JA Namegata Shoisai သမဝါယမအစုအဖွဲ့ က ပြောကြားခဲ့ ကြောင်း၊SUGIO အမှတ်တံဆိပ်ဖြင့် ဂျပန်နိုင်ငံထွက်သစ်သီးမျိုးစုံကို ပြည်ပသို့တင်ပို့နေသည့် Wismettac Foods, Inc. သည် ဂျပန်ပြည်ပကုန်သွယ်ရေးအဖွဲ့အစည်း Japan External Trade Organization (JETRO) ၏ ၂၀၂၁ ခုနှစ်အတွက် “(JETRO)Chairman’s Award ကို ရရှိခဲ့ကြောင်း သိရှိရပါသည်။
(ရင်းမြစ်- တိုကျိုမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)
ဘယ်လ်ဂျီယံနိုင်ငံ
ဘယ်လ်ဂျီယံနိုင်ငံ၏စီးပွားရေးနလန်ထူမှုကိုနှောင့်နှေးစေသည့်လုပ်သားရှားပါးမှုနှင့်ထုတ်လုပ်ထောက်ပံ့ရေးကွင်းဆက်ပြဿနာများ
ဘယ်လ်ဂျီယံနိုင်ငံရှိကုမ္ပဏီများ၏ လက်ရှိဝင်ငွေမှာ ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်မီ အဆင့် ထက် သာလွန်မှုများရှိလာပြီဖြစ်သော်လည်း စီးပွားရေးလုပ်ငန်းအများစုသည် လုပ်သားရှားပါးမှုနှင့် ထုတ်လုပ်မှုထောက်ပံ့‌ရေးကွင်းဆက်ဆိုင်ရာပြဿနာများကို ရင်ဆိုင်နေရပြီး ယင်းအချက်များကပင် ဘယ်လ်ဂျီယံနိုင်ငံ၏စီးပွားရေးပြန်လည်နလန်ထူမှုကိုနှောင့်နှေးစေလျှက်ရှိကြောင်း၊ဘယ်လ်ဂျီယံအမျိုးသားဘဏ် (National Bank)မှ လုပ်သားပေါင်း(၂၀၀၀)ကျော်ကို ကောက်ယူခဲ့သည့်စစ်တမ်းအရ ၎င်း လုပ်ငန်းများ၏ထက်ဝက်ကျော်သည် ဝန်ထမ်းခေါ်ယူမှုအပိုင်းတွင် အခက်အခဲများရှိကြောင်း၊ အဆိုပါ ပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် ၎င်းတို့အနေဖြင့် အလုပ်သမားများအား လုပ်ခွင်ဆိုင်ရာဖြေလျှော့မှု များဖြင့် ကမ်းလှမ်းခြင်းနှင့် ပို၍မြင့်မားသောလုပ်ခလစာဖြင့် ခေါ်ယူခြင်းများကို ‌‌ဆောင်ရွက်ကြကြောင်း၊ ဘယ်လ်ဂျီယံရှိကုမ္ပဏီများသည် ၎င်းတို့၏လက်ရှိဝန်ထမ်းများကိုထိန်းထားနိုင်ရေး(သို့)ဝန်ထမ်းသစ်များ အား ဆွဲဆောင်ခေါ်ယူနိုင်‌ရေးတို့အတွက် မတူညီသောနည်းဗျူဟာများဖြင့် ချမှတ်ဆောင်ရွက်လျှက်ရှိ ကြရာ ဥပမာအနေဖြင့် ပုံမှန်ခေါ်ယူနေကျ ပထဝီဒေသပြင်ပနိုင်ငံများမှ လုပ်သားအသစ်များကို ခေါ်ယူမှု ရှိသော်လည်း မြင့်မားသောလုပ်ခလစာများဖြင့်ခေါ်ယူရန်ကမ်းလှမ်းရခြင်းကြောင့် ကုမ္ပဏီများအတွက် ဖိအားပိုမိုများပြားလာလျှက်ရှိကြောင်းသိရှိရပါသည်။
(ရင်းမြစ်- ဘရပ်ဆဲလ်မြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)
တရုတ်နိုင်ငံ
ဟိုင်နန်ပြည်နယ်၏ တံခါးဖွင့်ပေးမည့်စီမံကိန်းထုတ်ပြန်ကြေငြာခြင်း
တရုတ်နိုင်ငံတောင်ပိုင်းရှိ ဟိုင်နန်ပြည်နယ်သည် အခွန်လွတ်ဈေးဝယ်ယူခြင်း၊ အပြည်ပြည် ဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုနှင့် အပြည်ပြည်ဆိုင်ရာပညာရေးတို့ပါဝင်သည့် ကဏ္ဍ(၃)ရပ်တွင် ဉီးစားပေးကာအပြည်ပြည်ဆိုင်ရာခရီးသွားနှင့်စားသုံးမှုဉီးတည်လာရောက်သည့်နေရာဖြစ်စေရန်ကြိုးပမ်း သွားမည်ဟု ၎င်း၏(၂၀၂၁-၂၀၂၅)ဖွံ့ဖြိုးမှုစီမံကိန်းတွင် ဖော်ပြထားကြောင်း၊ဟိုင်နန်ပြည်နယ်သည် ကျွန်း ပြည်နယ်ဖြစ်ကာ လွတ်လပ်သည့် ကုန်သွယ်ရေးဆိပ်ကမ်းလည်းရှိကြောင်း၊ ယခုအစီအစဉ်ကို ထုတ်ပြန် ကြေငြာရာ၌ ၂၀၂၅ ခုနှစ်တွင် ၎င်းတို့၏ခရီးသွားကဏ္ဍကို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ (၁၇.၈%) ခန့် ပါဝင်ဖြည့်ဆည်းနိုင်ရန် ရည်မှန်းချက်ချထားကြောင်း၊ ဒေသတွင်းဘက်စုံစီးပွား‌ရေးမိတ်ဖက်ပြုမှု (RCEP) တွင်ပါဝင်သည့် အဖွဲ့ဝင်နိုင်ငံများမှပြည်သူများကိုလည်း ဤဆေးဖက်ဆိုင်ရာစမ်းသပ်ဇုန်တွင် ဆေးကုသ မှုများလာရောက်ပြုလုပ်ကြရန်တိုက်တွန်းထားကြောင်း၊စီမံကိန်းအရ၂၀၂၅ ခုနှစ်တွင်ဟိုင်နန်၌လူပေါင်း (၅)သိန်းခန့် ဆေးဝါးကုသမှုများလာရောက်ပြုလုပ်နိုင်မည်ဟုခန့်မှန်းထားကြောင်း၊ ပညာရေးကဏ္ဍ နှင့်စပ်လျဉ်း၍ ဟိုင်နန်ကျွန်းပေါ်တွင် ပြည်ပမှ ကောလိပ်များနှင့် ပညာရေးအဖွဲ့အစည်းများ လာ ရောက်တည်ထောင်ကြရန် တိုက်တွန်းထားကြောင်း၊၂၀၂၅ ခုနှစ်တွင် ဟိုင်နန်ကျွန်း၌ နိုင်ငံတကာမှ ကေျာင်းသားဉီးရေ(၁၀၀၀၀) လာရောက်ပညာသင်ကြားနိုင်ရန် ရည်ရွယ်ထားသည်ဟု စီမံကိန်းတွင် ဖော်ပြထားကြောင်း၊၂၀၂၅ ခုနှစ်၌ ဟိုင်နန်ကျွန်းပေါ်တွင် နိုင်ငံတကာမှ အထက်တန်းကေျာင်းနှင့်မူကြို ကျောင်းပေါင်း (၁၅)ကျောင်းခန့်နှင့် သိပ္ပံ၊ စိုက်ပျိုးရေးနှင့် ဆေးပညာနယ်ပယ်များမှ အဆင့်မြင့် တက္ကသိုလ်နှင့် အသက်မွေးဝမ်းကျောင်းကောလိပ် (၃)ခုကျော် လာရောက်ဖွင့်လှစ်ရန် ကြိုးပမ်းသွား မည်ဖြစ်ကြောင်းသိရှိရပါသည်။
(ရင်းမြစ်- နန်နင်းမြို့စီးပွားရေးသံမှူး ပေးပို့သည့်သတင်း)