ကမ္ဘာ့နိုင်ငံများတွင်ဖြစ်ပေါ်နေသော စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်း

Powered by Drupal

ထိုင်းနိုင်ငံ
ဟင်းသီးဟင်းရွက်နှင့် လူသုံးကုန်ပစ္စည်းများ၏ဈေးနှုန်းများကို ခြေရာခံစောင့်ကြည့်လျှက်ရှိသည့် သတင်း
၁။ ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ဟင်းသီးဟင်းရွက်နှင့် အခြားလူသုံးကုန်ပစ္စည်းများ၏ဈေးနှုန်းများမြင့်တက်လာခြင်းအပေါ် အနီးကပ်စောင့်ကြည့်လျှက်ရှိ ကြောင်း၊ ရေကြီးမှု၊ ဆီဈေးမြင့်တက်မှုနှင့်ကုန်ကြမ်းဈေးနှုန်းများမြင့်တက်မှုတို့ကြောင့် ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကုန်ပစ္စည်းထုတ်လုပ်သူ များအား ၎င်းတို့၏ထုတ်ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် တောင်းဆိုထားကြောင်း၊၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်နေ့မှစ၍ ဘန်ကောက်နှင့်အနီးတစ်ဝိုက် တွင် မိုဘိုင်းယူနစ် အစီး(၅၀)ဖြင့် ဈေးနှုန်းချိုသာသောကုန်ပစ္စည်းများအား ထောက်ပံ့ရောင်းချပေး သွားမည်ဖြစ်ကြောင်း၊အစိုးရ၏မကြာသေးမီကပိတ်ဆို့တားဆီးမှုများအပေါ်ဖြေလျှော့ဆောင်ရွက်ခဲ့မှုအစီအမံများသည် ပြည်သူများအား ၎င်းတို့၏အသုံးစရိတ်များ တိုးမြင့်လာစေရန် ဟင်းသီးဟင်းရွက် များနှင့် အခြားထုတ်ကုန်များအပေါ် ဝယ်လိုအားတိုးတက်လာစေရန်မျှော်လင့်ကြောင်း၊ ပြည်တွင်း ကုန်သွယ်ရေးဉီးစီးဌာနအနေဖြင့် ရေကြီးမှုနှင့်စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် မရှိမဖြစ် လိုအပ်သော ကုန်ပစ္စည်းများနှင့် ဟင်းသီးဟင်းရွက်များ၏ ဈေးနှုန်းအပြောင်းအလဲများကို အနီးကပ် စောင့်ကြည့်လျှက်ရှိရာ၌လူသုံးကုန်ပစ္စည်း၊သန့်ရှင်းရေးနှင့်လျှော်ဖွပ်ရေးပစ္စည်းများ၊ဆောက်လုပ်ရေး သုံးပစ္စည်းများ၊ အစားအစာများနှင့် ဆန်၊ ဥများ၊ သစ်သီးဝလံများ စသည့်လယ်ယာထုတ်ကုန်ပစ္စည်း များနှင့် ဝက်သားတို့ပါဝင်ကြောင်း၊ ၎င်းဉီးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ပြည်သူအများ၏ လူနေမှုစရိတ်ကို လျှော့ချပေးနိုင်ရန်အတွက် နိုင်ငံတစ်ဝှမ်းတွင် မိုဘိုင်းကုန်စုံစတိုး ဆိုင် ကားအစီးရေ(၁၀၀၀)ဖြင့် စေလွှတ်ရောင်းချ ပံ့ပိုး‌ဆောင်ရွက်ခဲ့ပြီး အထူးသဖြင့် ဆန်၊ ဥများနှင့် ဟင်းသီးဟင်းရွက်များကို ဖြန့်ဖြူးရောင်းချရာတွင်ကူညီရန်အတွက် ဒေသတစ်ခုစီရှိ ဗဟိုဈေးကြီး များ၊ လက်လီ/လက်ကားဈေးကွက်များနှင့် ချိတ်ဆက်ဆောင်ရွက်သွားရန် အဆင့်သင့်ရှိနေပြီဖြစ် ကြောင်းနှင့် လယ်ယာထုတ်ကုန်များ အတွက် ဖြန့်ဖြူးရေးလမ်းကြောင်းအသစ်များ ဖော်ဆောင်ရန် ဌာနအနေဖြင့် ဘန်ကောက်မြို့တော်ရှိဓါတ်ဆီဆိုင်ကြီးများနှင့်လည်း ပူးပေါင်းချိတ်ဆက်ဆောင်ရွက် လျှက်ရှိကြောင်းသိရှိရပါသည်။
(ရင်းမြစ် - ဘန်ကောက်မြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

တရုတ်နိုင်ငံ
နိုင်ငံခြားသားများကိုကူညီရန် ဘာသာစကားအမျိုးမျိုးဖြင့် hotline စတင်လိုက်သည့်တရုတ်နိုင်ငံ
၂။ နိုင်ငံခြားရေးရာများ၊ နိုင်ငံခြားနှင့်ဆက်နွယ်နေသည့် လုပ်ငန်းများနှင့် အကူအညီလိုအပ်နေ သည့်ကျွမ်းကျင်သူများကိုကူညီရန်ထိရောက်ပြီးအရည်အသွေးမြင့်သည့်အများပြည်သူဝန်ဆောင်မှု များ‌ပေးနိုင်ရေးအတွက် တရုတ်နိုင်ငံက အောက်တိုဘာလ(၂၈)ရက်နေ့တွင် ဘာသာစကားအမျိုးမျိုး ဖြင့် ဝန်ဆောင်မှုပေးနိုင်သည့် (၁၂၃၄၅) hotline ကို စတင်လိုက်ကြောင်း၊ hotline နံပတ်(၁၂၃၄၅) သို့ခေါ်ဆိုပြီး နံပတ်(၃)ကို နှိပ်မည်ဆိုပါက နိုင်ငံခြားသားများအတွက် ကောင်စစ်ရေးရာကိစ္စများ၊ ဗီဇာကိစ္စ များ၊ APEC Business Travel Card ကိစ္စရပ်များနှင့် ကာကွယ်ဆေးကိစ္စများအတွက် အသံဖြင့်လမ်းညွှန်ချက်များကိုနားထောင်နိုင်မည်ဖြစ်ပြီးဝန်ဆောင်မှုပေးသည့်အချိန်မှာတနင်္လာနေ့မှ သောကြာနေ့အတွင်း နံနက်(၉)နာရီမှ မွန်းတည့်အချိန်အထိနှင့် နေ့လည် (၂)နာရီမှ ညနေ(၆) နာရီဖြစ်ကြောင်း၊ဖုန်းအော်ပရေတာများကအင်္ဂလိပ်ဘာသာဖြင့်ဝန်ဆောင်မှုပေးကာ ကျိုးဟိုင်နိုင်ငံ ခြားရေးရုံးက ဂျပန်၊ကိုရီးယား၊ဂျာမန်နှင့်ရုရှားဘာသာစကားများ ပံ့ပိုးကူညီပေးကြောင်း၊ ၎င်းဝန် ဆောင်မှုမှာ ကြိုဆိုမှုများနှင့် တာဝန်ယူမှုများကို တပြေးညီဖြစ်စေကာ အချိန်မီအကြောင်းပြန်ကြား ပေးလျှက် စောဒကတက်မှုများကို ဖြေရှင်းပေးခြင်းနှင့် ဝန်ဆောင်မှုအသုံးပြုသူများထံမှ တုံ့ပြန်ချက် များကို ‌ကောက်ယူစုဆောင်းကြောင်း၊ ယခုကဲ့သို့ ဘာသာစကားအမျိုးမျိုးဖြင့် hotline ဝန်ဆောင်မှု ပေးခြင်းမှာ ခေတ်မီအပြည်ပြည်ဆိုင်ရာ အဆင့်မြှင့်တင်ထားသည့် အထူးစီးပွားရေးဇုန် တည် ဆောက်ရေးကို အရှိန်မြှင့်တင်ကာ ကျိုးဟိုင်၏ အပြည်ပြည်ဆိုင်ရာစီးပွားရေးပတ်ဝန်းကျင်အား အကောင်းဆုံးဖြစ်စေရန်အတွက်ဖြစ်ကြောင်း သိရှိရပါသည်။
ကွမ်ရှီး လွတ်လပ်သော ကုန်သွယ်ရေးဇုန်၏ နန်နင်းနယ်မြေတွင် နိုင်ငံခြားကုမ္ပဏီပေါင်း (၂၅၀၀၀) ခန့် လုပ်ငန်းတည်ထောင်ပြီးဖြစ်သည့်သတင်း
၃။ ယခုနှစ်ပထမ(၉)လအတွင်း ကွမ်ရှီး လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်၏ နန်နင်း နယ်မြေတွင် ကုမ္ပဏီအသစ်ပေါင်း(၁၇၁၀၀)တည်ထောင်ခဲ့ကာ ယခင်နှစ်ကထက် (၂၅၂.၉%) တိုး တက်ခဲ့ကြောင်း၊ ကွမ်ရှီး လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်၏ နန်နင်းနယ်မြေကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လတွင်တည်ထောင်ခဲ့ကာ စုစုပေါင်းဧရိယာ(၄၆.၈ sq.ft) ကျယ်ဝန်းကြောင်း၊ နန်နင်း နယ်မြေတွင် ခေတ်မီဘဏ္ဍာရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ စမတ်နည်းပညာသုံး ကုန်စည်သယ်ယူ ပို့‌ဆောင်ရေး၊ အသစ်ပေါ်ထွန်းလာသည့် စက်မှုကုန်ထုတ်လုပ်ရေးနှင့် ယဉ်ကျေးမှု၊အားကစားနှင့် ဆေးဝါးဟူသည့် ကဏ္ဍကြီး (၅)ရပ်အပေါ် အထူးအလေးထားကာ ဆောင်ရွက်နေကြောင်း၊ လက်ရှိ အချိန်တွင် နန်နင်းနယ်မြေ၌ လုပ်ငန်းကြီးများဖြစ်ကြသည့် Deutsche Post DHL China Taiping Insurance Group နှင့် Alibaba တို့အပါအဝင် ကုမ္ပဏီပေါင်း(၂၅၀၀၀)ကျော်တို့အား ၎င်းတို့၏ လုပ်ငန်းများကို လာရောက်တည်ထောင်ထားပြီးဖြစ်ကြောင်းသိရှိရပါသည်။
နိုဝင်ဘာ(၁)ရက်နေ့တွင် ရှန်တုန်းရေနံချက်စက်ရုံမှ ဓါတ်ဆီနှင့်ဒီဇယ်ဆီ ဈေးနှုန်းများ အနည်းငယ် မြင့်တက်လာသည့်သတင်း
၄။ နိုဝင်ဘာလ (၁)ရက်နေ့၌ ရှန်တုန်းရေနံချက်စက်ရုံမှ ထုတ်လုပ်သည့် ဓါတ်ဆီဈေးနှုန်းမှာ တစ်တန်လျှင်ယွမ်ငွေ(၈၄၇၄.၈၀)နှင့် ဒီဇယ်ဆီဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ(၈၁၀၇.၄၀)အသီး သီး ရှိခဲ့ကြောင်း၊၎င်းစက်ရုံမှထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုများကို ‌ကောင်းစွာဆောင်ရွက်နေသည်ဖြစ် ကြောင်း၊ လုပ်ငန်းသုံးဈေးနှုန်း(transaction price) များအနေဖြင့် guoliu မော်တော်ယာဉ်သုံး 92# ဓါတ်ဆီ ဈေးနှုန်းမှာ ယွမ်ငွေ (၈၄၅၀ မှ ၈၆၅၀ ကြား)၊guoliu မော်တော်ယာဉ်သုံး 95# ဓါတ်ဆီ ဈေးနှုန်းမှာ ယွမ်ငွေ (၈၅၅၀ မှ ၈၇၅၀ ကြား)၊guoliu မော်တော်ယာဉ်သုံး 0 # ဒီဇယ်ဆီဈေးနှုန်းမှာ ယွမ်ငွေ(၈၀၀၀ မှ ၈၂၀၀ ကြား)ဖြစ်ပေါ်နေကြောင်း၊ ရေနံစိမ်းကြိုရောင်းကြိုဝယ်ဈေးနှုန်းမှာ ပိုမို မြင့်မားသည့်ဈေးနှုန်း ဖြစ်ပေါ်နေသဖြင့် U.S. WTI ရေနံစိမ်းဈေးနှုန်းမှာ တစ်စည်လျှင် အမေရိကန် ဒေါ်လာ (၈၃.၅၇)အထိ လည်းကောင်း၊Brentရေနံစိမ်းဈေးနှုန်းမှာ တစ်စည်လျှင်အမေရိကန်ဒေါ်လာ (၈၃.၇၂)အထိလည်းကောင်း အဓိကစာချုပ်ဈေးနှုန်းများဖြစ်ပေါ်နေကြောင်း၊ လက်ရှိအချိန်တွင် လောင်စာဆီဈေးကွက်မှာ စိုးရိမ်ပူပန်မှုများဖြင့်ပြည့်နှက်နေပြီး နိုဝင်ဘာလ (၄)ရက်နေ့တွင် ကျင်းပ မည့် ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့နှင့် ၎င်းတို့၏မိတ်ဖက်များကျင်းပသည့် အစည်းအဝေး၏ ရလာဒ်ကို စောင့်ဆိုင်းနေကြောင်းသိရှိရပါသည်။
(ရင်းမြစ်-နန်နင်းမြို့ စီးပွား‌ရေးသံမှူးပေးပို့သည့်သတင်း)
တရုတ်နိုင်ငံ၏ ပြည်တွင်းစားသုံးမှု ဉီးဆောင်နေသည့် မြို့ကြီး ၅ မြို့တွင် “အခွန်ကင်းလွတ် စီးပွားရေး”အစီအစဉ်များ အစပျိုးရန်စီစဉ်ခြင်း
၅။ တရုတ်နိုင်ငံသည် ပြည်တွင်းစားသုံးမှု ပိုမိုများပြားလာခြင်းဖြင့် စီးပွား‌ရေးကို မြှင့်တင်ရန် ရည်ရွယ်သည့် ၎င်း၏ Dual circulation Strategy ခေါ် နှစ်ဆလည်ပတ်မှု ဗျူဟာကို ပံ့ပိုးရန် နောက်ထပ်နည်းလမ်းများကို ရှာဖွေနေရာ တရုတ်နိုင်ငံ၏ ပြည်တွင်းစားသုံးမှုကို ဉီးဆောင်နေသည့် ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုး၊ တီယံကျင်းနှင့် ချုံချင်းမြို့ကြီး (၅)မြို့တို့တွင် အခွန်လွတ်စီးပွားရေး အစီအစဉ်များ အစပျိုးခြင်းဖြင့် ယင်းမြို့(၅)မြို့အား နိုင်ငံတကာစားသုံးသူဗဟိုပြုမြို့များအဖြစ် ဉီး‌ဆောင်အခန်းကဏ္ဍမှ ပါဝင်စေမည်ဖြစ်ကြောင်း၊ ပေကျင်းနှင့်ရှန်ဟိုင်းတွင် နိုင်ငံတကာအမှတ် တံဆိပ်များကို ပိုမိုဆွဲဆောင်ရန်၊ အခွန်လွတ်ဆိုင်အရေအတွက် တိုးမြှင့်ရန်၊ အခွန်လွတ်ကုန်ပစ္စည်း အမျိုးအစားများပိုမိုခွင့်ပြုရန်နှင့် စားသုံးသူတစ်ဉီးလျှင်အခွန်လွတ်ဈေးဝယ်ခြင်းခွဲတမ်းကိုတိုးမြှင့်ရန် အစီအစဉ်များ ချမှတ်ထားပြီးဖြစ်ကြောင်း၊ အ‌ကောက်ခွန်ကင်းလွတ်ဈေးဝယ်ခြင်း Duty – free - shopping သည် တရုတ်နိုင်ငံ၏စီးပွားရေးကို မြှင့်တင်ရန်အစီအစဉ်တွင် ပိုမိုထင်ရှားသောအခန်းကဏ္ဍမှ ပါဝင် နေမည်ဖြစ်သော်လည်း ဆက်လက်ဖြစ်ပွားနေသော စည်းမျဉ်းစည်းကမ်းအမျိုးမျိုး အသုံးပြုဖြိုခွင်း ခြင်းသည် နိုင်ငံတကာအမှတ်တံဆိပ်များကိုစိတ်ပျက်စေကာ စားသုံးသူမြို့သူများ၏ ဖွံ့ဖြိုးတိုးတက် မှုကိုကန့်သတ်နိုင်သည်ဟု လေ့လာသူများကဆိုထားကြောင်း၊ အကောက်ခွန် ကင်းလွတ်ဈေး ဝယ် ခြင်းကို ချဲ့ထွင်ခြင်းသည် သုံးစွဲမှုကိုအားပေး၍ နိုင်ငံတကာခရီးသွားများ၏ အကျိုးခံစားခွင့်များထဲမှ တစ်ခုအဖြစ် ဈေးဝယ်ခြင်းကိုနှစ်သက်သော ပြည်တွင်းဈေးဝယ်သူများကို ဆွဲဆောင်နိုင်ပြီး ပြည်ပမှ အနာဂတ်ဈေးဝယ်သူများကိုလည်း ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ အခွန်လွတ် ဈေး ကွက်သည် ကမ္ဘာလုံးဆိုင်ရာ အခွန်လွတ်ရောင်းချမှု စုစုပေါင်း၏ ၈ %သာရှိပြီး တရုတ်စားသုံးသူများ ၏ ကြီးမားသောအသုံးစရိတ်နှင့်နှိုင်းယှဉ်ပါက ပြည်တွင်းဈေးကွက်တွင် ကန့်သတ်ချက်များရှိနေ ကြောင်းသိရှိရပါသည်။
(ရင်းမြစ်- ကူမင်းမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)