မုံရွာမြို့တွင် အသင့်သောက်အချိုရည်အမျိုးမျိုးနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာနသည် ကုန်စည်/ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ နစ်နာဆုံးရှုံးမှုမရှိစေရေးနှင့် နစ်နာဆုံးရှုံးမှုများရှိလာပါက ဖြေရှင်းဆောင်ရွက်ပေးခြင်းတို့ကို အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

     အသင့်သောက်အချိုရည်အမျိုးမျိုးသည် လူကြီး/လူငယ်အများစုသောက်သုံးနေသော ကုန်စည်ဖြစ်ခြင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနကထုတ်ပြန်သည့် စားသုံးရန်မသင့်ဟုကြေညာထားသည့် အစားအသောက်များစာရင်းတွင် အများဆုံးပါဝင်လေ့ရှိခြင်း၊ ကန့်သတ်တားမြစ်ထားသည့် ဓာတုဆိုးဆေးများနှင့် သကြားများအသုံးပြုထားသော အချိုရည်များကိုသောက်သုံးမိပါက ကျန်းမာရေးဆိုင်ရာထိခိုက်မှုများဖြစ်ပေါ်စေနိုင်ခြင်းတို့ကြောင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးရည်ရွယ်၍ ဈေးကွက်အတွင်းရောင်းချနေသော အသင့်သောက်အချိုရည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၈)၊ ပုဒ်မ ၄၁ပါ ကုန်အညွှန်းအမှတ်အသားများနှင့်ကိုက်ညီမှုရှိ/မရှိ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်များဖော်ပြထားခြင်းရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် စားသုံးသူရေးရာဦးစီးဌာန(ရုံးချုပ်)က ညွှန်ကြားလာပါသည်။

    သို့ဖြစ်ပါ၍ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၈-၈-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်း(၃)ဦးတို့သည် မုံရွာမြို့၊ ကျောက္ကာလမ်းပေါ်ရှိ အရောင်းဆိုင်(၅)ဆိုင်သို့လည်းကောင်း၊ (၁၀-၈-၂၀၂၃) ရက်နေ့တွင် မုံရွာမြို့ပေါ်ရှိ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်(၅)ဆိုင်သို့လည်းကောင်း သွားရောက်၍ အသင့်သောက်အချိုရည်အမှတ်တံဆိပ်ပေါင်း(၃၁)မျိုးအား ကုန်အညွှန်းအမှတ်အသားများနှင့်ပြည့်စုံမှုရှိ/မရှိ၊ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)