မကွေးမြို့၊ အောင်မေတ္တာရပ်ရှိ မုန့်ဖတ်ဖိုအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအသိပညာပေးခြင်းများ၊ လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်းများ၊ ဘေးအန္တရာယ်ရှိသောကုန်စည်များကို ဈေးကွက်အတွင်းမှ ဖယ်ရှားနိုင်ရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။

     ထိုသို့ဆောင်ရွက်ရာ၌ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်၊ FDA၊ ကျန်းမာရေးတို့ပါဝင်သည့် အဖွဲ့စုံဖြင့် မကွေးမြို့ပေါ်ရှိ မုန့်ဖတ်ဖိုများ၊ ပဲပြားဖိုများသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ရာ မကွေးမြို့၊ အောင်မေတ္တာရပ်ကွက်ရှိ (-------) မုန့်ဖတ်ဖိုတွင် အစားအသောက်များ၌ သုံးစွဲရန်ခွင့်ပြုမထားသော အစွန်းချွတ်ဆေးဘူးတွေ့ရှိရသဖြင့် ခွင့်မပြုထားသောအစွန်းချွတ်ဆေးကိုမသုံးစွဲရန်၊ အစားအသောက်များတွင် သုံးစွဲရန်ခွင့်ပြုထားသော အစွန်းချွတ်ဆေးများကိုသာသုံးစွဲရန် အသိပညာပေးခဲ့ပြီး မုန့်ဖတ်နမူနာတချို့ကို FDA မှ ဓာတ်ခွဲစစ်ဆေးရန် ရယူခဲ့ပါသည်။ ဓာတ်ခွဲ၍ ရရှိသော စစ်ဆေးချက်အဖြေအရ မုန့်ဖတ်များတွင် ဘေးအန္တရာယ်ဖြစ်စေနိုင်သောအစွန်းချွတ်ဆေးများကိုမတွေ့ရှိရသော်လည်း မုန့်ဖတ်ဖိုအတွင်း၌ အစားအသောက်များတွင် သုံးစွဲရန်ခွင့်မပြုထားသော အစွန်းချွတ်ဆေးဘူးတွေ့ရှိထားပါသဖြင့် အစားအသောက်များ၌ ထည့်သွင်းသုံးစွဲခြင်းမပြုရန်နှင့် စစ်ဆေးတွေ့ရှိပါက အမျိုးသားအစားအသောကဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနကိုလည်းသိရှိနိုင်ရန် မိတ္တူပေးပို့လာသည့်အတွက် နောက်တစ်ကြိမ် ထပ်မံကွင်းဆင်းစစ်ဆေးရန် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ (၁၁-၈-၂၀၂၃)ရက်နေ့တွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ စားသုံး/ထုတ်လုံကြီးကြပ်သူ အရာရှိ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် ထပ်မံသွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     ထိုသို့ ထပ်မံကွင်းဆင်းစစ်ဆေးရာတွင် လုပ်ငန်းရှင်က အဖွဲ့၏အသိပေးတားမြစ်မှုအရ အစားအသောက်များ၌ သုံးစွဲရန်ခွင့်မပြုထားသော အစွန်းချွတ်ဆေးကိုမသုံးစွဲတော့ကြောင်း၊ မုန့်ဖတ်ထုတ်လုပ်နေမှုအဆင့်ဆင့်ကို အနီးကပ်ကွင်းဆင်းလေ့လာခဲ့ပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာထည့်သွင်းဖော်ပြရန်နှင့် အစားအသောက်များတွင် သုံးစွဲခွင့်ပြုထားသည့် ဆိုးဆေး၊ ချွတ်ဆေး၊ တာရှည်ခံဆေးများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များဖြန့်ဝေပေးခဲ့ပြီး လိုအပ်သည်များရှိပါက ဌာနသို့လာရောက်မေးမြန်းစုံစမ်းနိုင်ပါကြောင်းဆွေးနွေးခဲ့မှုကိုသိရှိရပါသည်။

DOCA(မကွေး)