စလင်းမြို့မဈေး၌ စားသုံးရန်မသင့် အစားအသောက်နှင့်ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ မြို့မစည်ပင်သာယာဈေးကြီး အတွင်း/အပြင်၌ ရောင်းချလျက်ရှိသည့် ဈေးဆိုင်၊ ကုန်စုံဆိုင်(၁၄)ဆိုင်အား မကွေးတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့်အတူ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့မှ ပူးပေါင်းလိုက်ပါပြီး ဈေးကွက်အတွင်း စားသုံးရန်မသင့်သည့် စားသောက်ကုန်များနှင့် ကုန်ပစ္စည်းများ ရောင်းချမှု ရှိ/မရှိကို (၂၅.၇.၂၀၂၃)ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖူးလှိုင်ညွှန့်ဦး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးစီးမှူး ဦးဆန်းလင်းမောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒု-ဦးစီးမှူး ဦးနန်းဦးမောင်၊ ဈေးတာဝန်ခံ ဦးညီညီစန်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်အတွင်း ရောင်းချနေသော  ဈေးဆိုင်၊ ကုန်စုံဆိုင်များမှ မုန့်ဖတ်၊ ပဲပြား၊ ငါးခြောက်၊ ပုဇွန်ခြောက်၊ လက်ဖက်၊ ငပိ၊ နနွင်းမှုန့်စသည့် ကုန်ပစ္စည်း အမျိုးအမည်(၂၀)ကို ကုန်စည်နမူနာ ကောက်ယူပြီး (Mobile Lab Van) ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် စစ်ဆေးခဲ့ပါသည်။

    ဌာနဆိုင်ရာပူးပေါင်းအဖွဲ့အနေဖြင့် မြို့အဈေးအတွင်း/အပြင်ရှိ ဈေးဆိုင်၊ ကုန်စုံဆိုင်များရှိ အစားအသောက်များတွင် ခွင့်မပြုဓာတုပစ္စည်းများ အလွန်အကျွံ့သုံးစွဲခြင်း ရှိ/မရှိ စစ်ဆေးခြင်းအပြင် အသုံးမပြုသင့်သော ဓာတုပစ္စည်းများ၊ ခွင့်မပြုဆိုးဆေးများအကြောင်း သိကောင်းစရာ အသိပညာပေးခြင်း လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့်အတူ ကုန်စည်များထုတ်လုပ်ဖြန့်ဖြူး ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြပါရှိသော ကုန်စည်များကိုသာ ဖြန့်ဖြူးရောင်းချကြရန် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးဆန်းလင်းမောင်မှ ဆွေးနွေး အသိပညာပေးဆောင်ရွက်ပြီး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)