နေပြည်တော် (၃၁-၇-၂၀၂၃)
မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ ၏ ဖော်ထုတ်ချက်အရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းပြီး “ဆန်စပါးကြိတ်ခွဲ ထုတ်လုပ်ရေး နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုသင်တန်း” ကို ဖွင့်လှစ်ပို့ချခဲ့သည့် ဆန်စပါးကြိတ်ခွဲ ထုတ်လုပ်ရေး နည်းပညာဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများ၊ ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌနှင့် အသင်းအဖွဲ့ များမှ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု၊ ကြိတ်ခွဲပြုပြင်ခြင်းလုပ်ငန်းမှသည် ပြည်တွင်းပြည်ပ ဖြန့်ဖြူးရောင်းချသည်အထိ ကွင်းဆက် (Supply Chain) တစ်လျှောက် ဟန်ချက်ညီညီ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ စပါးအခြောက်ခံခြင်း၊ သိုလှောင်ခြင်း၊ ကြိတ်ခွဲခြင်း၊ ပြည်ပတင်ပို့ခြင်း စသည့် ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်းများ ဖွင့်လှစ်ပို့ချရန်လည်း လိုအပ်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံဆန်စပါး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာ့ဆန်များ ကမ္ဘာဈေးကွက်ဝေစုပိုမို ရရှိစေရေး အားလုံး ဝိုင်းဝန်း ကြိုးပမ်းရမည်ဖြစ်ပါကြောင်း အမှာစကား ပြောကြားခဲ့ပါသည်။
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆန်စပါး အရည်အသွေး မြှင့်တင်ရေးနှင့် မျိုးကောင်းမျိုးသန့်စပါးများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ထွက်ရှိလာသော စပါးများကို ခေတ်မီ နည်းပညာများဖြင့် ကြိတ်ခွဲထုတ်လုပ်နိုင်ရေးတို့အတွက် အချိတ်ဆက်မိမိ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသားများအနေဖြင့် ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာကဏ္ဍကနေ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဆန်စပါးသည် မိမိတို့နိုင်ငံ၏ အဓိကစားသုံးသီးနှံဖြစ်သည့်အပြင် ပြည်ပပို့ကုန်ဝင်ငွေ ရှာဖွေပေးလျက်ရှိသည့် ကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ ဆန်အထွက်နှုန်းကောင်းမွန်မှသာ စိုက်ပျိုးသည့် တောင်သူများ ဝင်ငွေပိုမိုရရှိလာနိုင်မည်ဖြစ်ပါကြောင်း၊ ဆန်စပါးကဏ္ဍတစ်ခုလုံးဖွံ့ဖြိုး တိုးတက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်များ၊ တောင်သူများက ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
သင်တန်းသူ၊ သင်တန်းသားများအား သင်တန်းပြီးမြောက်အောင်မြင်ကြောင်း သင်တန်းဆင်း လက်မှတ်များလည်း ပေးအပ်ခဲ့ပါသည်။
ဆန်စပါးကြိတ်ခွဲ ထုတ်လုပ်ရေး နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်း စမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု(လှည်းကူး)နှင့် စက်မှုဝန်ကြီးဌာန၊ အမှတ်(၁)စက်မှုသင်တန်းကျောင်း(ဆင်တဲ) တို့တွင် ဆန်စပါးကဏ္ဍနှင့်ဆက်နွယ်သည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပညာရှင်များနှင့် ဆန်စပါးကဏ္ဍ၌ လက်တွေ့ဆောင်ရွက်နေသည့် အင်ဂျင်နီယာများက ဆန်စပါးစိုက်ပျိုး၊ ထုတ်လုပ်၊ ကြိတ်ခွဲ၊ သိုလှောင်၊ တင်ပို့၊ ရောင်းချခြင်း ဆိုင်ရာနည်းပညာများ၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် အခြေခံ လျှပ်စစ်ကဏ္ဍတွင် သိသင့်သိထိုက်သည့် ပညာရပ်များ၊ စက်ရုံအလုပ်ရုံသုံး ဘွိုင်လာနည်းပညာများ၊ အခြေခံဂဟေဆက် နည်းပညာများ စသည့်ပညာရပ်များကို ရက်ပေါင်း(၄၀) ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၄၂) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA (ITQM)