လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ဆန်စပါးဝယ်ယူခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

Powered by Drupal

နေပြည်တော်၊ မတ် ၈
လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ဆန်စပါး ဝယ်ယူခြင်းဆိုင်ရာညှိနှိုင်းအစည်းအဝေးကို (၈-၃-၂၀၂၁) ရက်နေ့တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၌ Virtual Meeting စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးကြပါသည်။
အစည်းအဝေးတွင် လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက နိုင်ငံတော်အနေနဲ့ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေအရ နှစ်စဉ် အခြေခံရည်ညွှန်း စပါးဈေးနှုန်းကို ထုတ်ပြန်ကြေညာပြီး၊ စပါးများ ထွက်ပေါ်ချိန်၌ အခြေခံရည်ညွှန်းစပါးဈေးနှုန်း အောက် ကျရောက်သည့်ဒေသများတွင် တောင်သူလယ်သမားများထံမှ စပါးဝယ်ယူခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့မှု အခြေအနေ၊ ယခုနှစ် အခြေခံရည်ညွှန်းစပါးဈေးနှုန်းဖြင့် စပါးဝယ်ယူမှု အခြေအနေများနှင့် ဆန်အိတ်များ ပြန်လည်လက်ခံရရှိမှု အခြေအနေများ၊ လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့အနေဖြင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားပါသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက လယ်ယာထုတ်ကုန်စီမံ ခန့်ခွဲရေးအဖွဲ့က ဆောင်ရွက်လျက်ရှိသည့် စပါး၊ ဆန် ဝယ်ယူရေး လုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေးကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။