ပြည်ပကုန်သွယ်မှုသတင်းများ
ထိုင်းဆန်စျေးနှုန်းများမှာ ၁၀၀ မှတ် ဘီဂရိတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၄၈ ဖြင့်လည်းကောင်း ၂၅ မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၀ ဖြင့်လည်းကောင်း စျေးနှုန်း တည်ငြိမ်လျက်ရှိပြီး ပေါင်းဆန်စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၆၃၄ ဖြင့် စျေးနှုန်းအနည်းငယ် မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။
ဗီယက်နမ် ဆန်ဈေးနှုန်းများမှာ ၅ မှတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၆၂ ဖြင့်လည်းကောင်း ၂၅ မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၄၇ ဖြင့် လည်းကောင်း စျေးနှုန်း တည်ငြိမ်လျက်ရှိပါသည်။

BRICS ဆိုသည်မှာ အစိုးရအချင်းချင်း စီးပွားရေး/နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်းကြီးတစ်ခုဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက (၅)နိုင်ငံတို့၏ အမည်အတိုကောက်ဖြစ်ပါသည်။ ထိုအမည်ကို ဂျာမနီစီးပွားရေးပညာရှင် ဂျင်မဲအိုနီးလ်က ၂၀၀၁ခုနှစ်တွင် ဘရာဇီး၊ ရုရှား၊ အိန္ဒိယနှင့်တရုတ်တို့ကို BRIC ဟုပေးခဲ့ခြင်းဖြစ်ပြီး ထို(၄)နိုင်ငံမှာ ၂၀၅၀ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးဈေးကွက်ကို စိုးမိုးလွှမ်းခြုံနိုင်မည်ဟုလည်းပြောကြားခဲ့ပါသည်။

ဘဏ်ငွေလွှဲစာတမ်း LC စာရင်း ဖွင့်လှစ်ထားပြီးဖြစ်သော စာချုပ်များအတွက် ကြက်သွန်နီ တင်ပို့ခွင့်ပြုရေး အိန္ဒိယနိုင်ငံဘက်သို့ တောင်းဆိုနိုင်ရန်အတွက် လိုအပ်သလို ဆောင်ရွက်ရန် ဘင်္ဂလားဒေ့ရှ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးထံ စာပေးပို့ အကြောင်းထားပြီးဖြစ်ကြောင်း၊ ထို့အပြင် ကြက်သွန်နီများကို စားဖိုချောင် သီးနှံဈေးကွက်တွင် သင့်တင့်မျှတသည့်ဈေးနှုန်းဖြင့် ရောင်းချစေရေး သက်ဆိုင်ရာနယ်မြေအလိုက် ကြပ်မတ် ဆောင်ရွက်ပေးရန် သက်ဆိုင်ရာ ဒုတိယကော်မရှင်နာမင်းကြီးများသို့ ပြောဆိုထားကြောင်း သိရပါသည်။

အိန္ဒိယနိုင်ငံ၏ ယခုနှစ် မိုးကြက်သွန်နီထွက်ရှိမှုသည် ယခင်နှစ်ထုတ်လုပ်နိုင်မှု တန်ချိန် ၂၈.၆ သိန်းအောက် အနည်းငယ်လျော့နည်းနိုင်ကြောင်း၊ အစိုးရသည် ယခင်ဝယ်ယူထားရှိပြီးဖြစ်သည့် ကြက်သွန်နီတန်ချိန် ၅ သိန်းအပြင် ထပ်မံ၍ အရန်ကြက်သွန်နီ တန်ချိန် ၂ သိန်းကို ဝယ်ယူ မည်ဖြစ်ကြောင်း၊ လိုအပ်ပါက ထပ်မံတိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ မရှိမဖြစ်လိုအပ်သည့် စားဖိုချောင်သုံး ကုန်စည်ဖြစ်သော ကြက်သွန်နီ၏ စျေးနှုန်းများတည်ငြိမ်ရေးကို ဆောင်ရွက်လျက်ရှိကြောင်းဖြင့် အိန္ဒိယ စားသုံးသူရေးရာ ဝန်ကြီးဌာန၊ အတွင်းဝန် Mr. Rohit Kumar Singh က ၁၁-၁၂-၂၀၂၃ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

မလေးရှားနိုင်ငံတွင် နှစ်ကုန်ပိုင်း၌ ကုန်လက်ကျန်ပမာဏ များပြားသည့် အခြေအနေအရ ဒေသတွင်း စားအုန်းဆီကြမ်းဖြန့်ဖြူးမှု ပျမ်းမျှဈေးနှုန်းသည် နိုဝင်ဘာလတွင် ၁ တန်လျှင် ၃၇၀၀.၅ ရင်းဂစ်နှုန်းရှိရာမှ ၀.၄% ခန့် လျော့ကျလျက် ဒီဇင်ဘာလ၌ ၁ တန်လျှင် ၃၆၈၄ ရင်းဂစ်သို့ ကျဆင်း ဖွယ်ရှိကြောင်း ဈေးကွက်သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သော MIDF Research က ပြောကြား ခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ပထမ ၁၁ လအတွင်း ဆန်တင်သွင်းမှုသည် ယခင်နှစ်ကာလတူ၌ တင်သွင်းမှု မက်ထရစ်တန်ချိန် ၃.၅ သန်းအောက် ၁၄% လျော့နည်းလျက် စုစုပေါင်း မက်ထရစ်တန်ချိန် ၃.၀၃ သန်း ရှိကြောင်း၊ နိုဝင်ဘာလ ၁ လတည်း အတွက် ဆန်တင်သွင်းမှု ပမာဏမှာ ၁၉၆၈၃၄.၁၅ တန်ဖြစ်ပြီး ဧပြီလအတွင်း တင်သွင်းမှုသည် ၅၁၆၈၉၅.၁၇၃ တန်ဖြင့် အမြင့်ဆုံးဖြစ်ကြောင်း ဖိလစ်ပိုင် ဥယျာဉ်ခြံလုပ်ငန်းဗျူရို (Bureau of Plant Industry - BPI) ၏ အချက်အလက်များအရ သိရှိရသည်။

ထိုင်းနိုင်ငံ၌ လယ်သမားများအနေဖြင့် သက်ဆိုင်ရာအာဏာပိုင်များက အသိအမှတ်ပြု ထားခြင်းမရှိသော ဗီယက်နမ်နိုင်ငံမှ ထွက်ရှိသည့် စပါးများကို မှောင်ခိုသွင်းခြင်း သို့မဟုတ် စိုက်ပျိုးခြင်းများ မပြုလုပ်ရန် အစိုးရက သတိပေးပြောကြားခဲ့သည်။

ထိုင်းနိုင်ငံအနေဖြင့် ဖိလစ်ပိုင်နိုင်ငံ၌ကျင်းပသော ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ဆန်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း မရှိသည့်အပြင် ရှေ့လာမည့်နှစ်များတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ထိုင်းဆန်တင်ပို့သူများအသင်း (TREA) ၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chukiat Opaswongse က ၆-၁၂-၂၀၂၃ ရက်နေ့တွင် ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံသည် လက်ရှိကာလ၌ ဆန်ပို့ကုန်ကို တန်ဖိုးအားဖြင့် ဒေါ်လာ ၂.၅ ဘီလီယံခန့် နှစ်စဉ်တင်ပို့လျက်ရှိရာမှ ၂ဝ၃ဝ ပြည့်နှစ်တွင် ၄ ဆအထိတိုးမြှင့်လျက် နှစ်စဉ်တန်ဖိုး ဒေါ်လာ ၁ဝ ဘီလီယံအထိ တင်ပို့နိုင်ရန် ရည်မှန်းထားကြောင်းနှင့် ဈေးကွက်သစ်များသို့ တင်ပို့နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်းဖြင့် ၈-၁၂-၂၀၂၃ နေ့တွင် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Gohar Eijaz ဦးဆောင်ကျင်းပပြုလုပ်သည့် ပို့ကုန်အကြံပေးကောင်စီအစည်းအဝေး၌ အရာရှိတစ်ဦးက ပြောကြားခဲ့ပါသည်။

ကမ္ဘာပေါ်တွင် လူသားများအသက်ရှင်နေထိုင်စားသောက်ရန်အတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းကဏ္ဍမှာ မရှိမဖြစ်လိုအပ်ပါသည်။ ထို့ကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးစီးပွားရေးကဏ္ဍမှာ အရေးပါသည့်စီးပွားရေးလုပ်ငန်းများအနက် တစ်ခုဖြစ်သည့်အတွက် ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းမှ အစိုးရများသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး ပြည်တွင်းစားသုံးမှုဖူလုံစေရန်အတွက်နှင့် နိုင်ငံတော်ဘဏ္ဍာငွေရရှိစေရန်အတွက် အစဉ်ဦးစားပေး ဆောင်ရွက်လျက်ရှိကြပါသည်။

မြန်မာနိုင်ငံတွင် ပဲတီစိမ်းကို အထက်မြန်မာပြည်၊ အောက်မြန်မာပြည် ဒေသနှစ်ခုလုံးတွင် စိုက်ပျိုးလျက်ရှိပြီး မြန်မာ့ပဲတီစိမ်းကို ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက်ဖောက်ရန်အတွက် နှစ်စဉ် တင်ပို့ရောင်းချလျက်ရှိရာ နယ်သာလန်၊ အိုင်ယာလန်၊ အင်္ဂလန်၊ ဂျာမနီနိုင်ငံတို့က အများဆုံးဝယ်ယူကြပါသည်။

ပြည်တွင်းပဲဈေးကွက်တွင် ဈေးနှုန်းများ မြင့်တက်နေမှုကို ထိန်းချုပ်နိုင်ရန်အတွက် အိန္ဒိယ အစိုးရသည် မြန်မာနိုင်ငံထံမှ ပဲစင်းငုံတန်ချိန် ၄ သိန်းကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ၌ လည်းကောင်း၊ မတ်ပဲ တန်ချိန် ၁ သန်းခန့်ကို ဖေဖော်ဝါရီလတွင်လည်းကောင်း တင်သွင်းရန် စီစဉ်လျက်ရှိကြောင်း အဆင့်မြင့်အရာရှိ တစ်ဦးက Economic Times သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။ ယခင်နှစ် နှင့်နှိုင်းယှဉ်ပါက ပဲစင်းငုံစိုက်ဧက ကျဆင်းမှုများကြောင့် ထွက်ရှိမှု လျော့နည်းလာနိုင်သည်ဟု ခန့်မှန်းချက်အရ အိန္ဒိယနိုင်ငံအနေဖြင့် ရိတ်သိမ်းဆဲကာလတွင်ပင် ပဲစင်းငုံများကို တင်သွင်းနေ ခြင်း ဖြစ်ပါသည်။