သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပဲပုပ်နှင့်ပဲပိစပ်အကြောင်းသိကောင်းစရာ

         မြန်မာနိုင်ငံရှိ လယ်ယာထွက်ကုန်သီးနှံတို့၏ အချို့အမည်များကို လွဲမှားဖွယ်စာလုံးများ သုံးစွဲနေကြ၍ ပဲပုပ်နှင့်ပဲပိစပ် မတူညီကြောင်း သိရှိနိုင်စေရန် ရည်ရွယ်၍ လေ့လာ ရေးသား ဖော်ပြရခြင်း ဖြစ်ပါတယ်။

         ပဲပုပ်၏မူရင်းဒေသမှာ တရုတ်နိုင်ငံဖြစ်ပြီး အင်္ဂလိပ်အမည် Soy Bean or Soya Bean ၊ ရုက္ခဗေဒအမည် Glycine  soja or glycine hispida ဟုခေါ်ဝေါ်ရေးသားထားတာ တွေ့ရှိရပါ တယ်။ မျိုးစိတ်အောက်တွင် မျိုးများစွာရှိပြီး သက်ကြီး၊ သက်လတ်၊ သက်လျင်၊ အစေ့သေး၊ အစေ့ပြား၊ အစေ့လုံး၊ အကြီးအသေးများစွာ ကွဲပြားသကဲ့သို့ လင်းတာ တုံ့ပြန်သော မျိုး/မတုံ့ ပြန် သောမျိုး၊ ပင်ထောင်၊ ပင်ဖောက်၊ ပင်ကား၊ ခြုံဆန်မျိုး များလည်း ရှိကြောင်း၊ ပရိုတင်းပါဝင်မှုအရ  ၂၀ မှ ၃၅ ရာခိုင်နှုန်းအထိ ကွာခြားတတ်ကြောင်း၊ ပဲပုတ်အား မိုးစိုက်၊ဆောင်းစိုက်ဟူ၍ ရေမြေ ဒေသ ရာသီဥတုအပေါ် မူတည်၍ စိုက်ပျိုးချိန်နှင့် သီးနှံ ပုံစံ ကွာခြားမှုများရှိပြီး  ပဲပုတ်အား အစေ့ ထုတ် ပြောင်း၊နေကြာစသည်တို့နှင့် သီးညှပ် စိုက်ပျိုးခြင်းများပြုလုပ်ကြပါသည်။

         ပဲပုပ် ဈေးကွက်၌ ရောင်းအားအများဆုံးနိုင်ငံများမှာ အမေရိကန် ၊ ဘရာဇီးလ်၊ အာဂျင်တီး နား၊ ကိုလံဘီယာ ၊ ဥရုဂွေး၊ ပါရာဂွေးတို့အပြင် ပစိဖိတ်ကမ်းရိုးတန်း နိုင်ငံငယ်လေးများနှင့် ကျွန်း နိုင်ငံများလည်း ပါဝင်ပြီး အများဆုံးဝယ်ယူတင်သွင်းနေသည့် နိုင်ငံများမှာ အာရှ အရှေ့ဖျား နိုင်ငံ များဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့ဖြစ်ကြောင်း သိရှိရပါ တယ်။

        သုတေသီ OI Brekke  ၏မြောက်ပိုင်းဒေသ သုတေသနဓါတ်ခွဲခန်းမှတ်တမ်းအရ အမေရိ ကန်ပြည်ထောင်စုသို့ ပဲပုပ်ရောက်ရှိလာသည်မှာ နှစ်(၁၀၀)ကျော်ခန့်ရှိပြီး ၁၉၁၁ ခုနှစ်ခန့်က  အမေရိကတွင် ဆီစတင်ကြိတ်သောပဲပုပ်စေ့များကို  မန်ချူးရီးယားက တင်သွင်း လာခဲ့ကြောင်း၊ ၁၉၄၂ -၁၉၄၈ ခုနှစ်အတွင်း ပဲပုပ်စိုက်ပျိုးထုတ်လုပ်မှုပမာဏ (၄၄) ဆ တက်လာကြောင်း၊ အမေရိကန်သည် စက်မှုနှင့်စိုက်ပျိုးရေးအတတ်ပညာ အထူးဖွံ့ဖြိုးလာခဲ့ရာ ပဲပုပ် အခြေခံ စားသောက်ကုန်မျိုးစုံ  ဆီ၊ ထောပတ်၊ ချောကလက် စသည်တို့တွင် များစွာသုံးစွဲခဲ့ရုံမျှမက  အလှ ကုန်၊ အဝတ်အထည်၊ မော်တော်ကားအတွင်းထိုင်ခုံ၊ နောက်မှီ များအထိ ထုတ်လုပ် သုံးစွဲခဲ့ကြ ကြောင်းသိရှိရပါတယ်။

        ယခုအခါတွင်  ပြည်ပက ရင်းနှီးမြှုပ်နှံလာသူ ကုမ္ပဏီများ၊ လုပ်ငန်းရှင်များရှိနေပြီး စက်မှုဇုန်လို နေရာများတွင်  ထိုင်း၊ စင်ကာပူ စသည့် လုပ်ငန်းရှင်များက ပဲပုပ်အခြေခံ စားသောက်ကုန်၊ လူသုံးကုန်၊ အလှကုန်များထုတ်လုပ်မှုများတွင် အတွေ့အကြုံရှိသူများပါရှိလာပြီး ထိုလုပ်ငန်းရှင်များက မှာယူတင်သွင်းသည်ဟု ယူဆရပါကြောင်း၊ မြန်မာနိုင်ငံတွင် ရှေးယခင် ကတည်းကပင်  ပဲပုပ်ကို စိုက်ပျိုးခဲ့ကြရာမှ ရှမ်းပြည်နယ်တွင် စိုက်သည့် ပဲပုပ်က အစေ့ ခပ်ပြား ပြား အစိမ်းရောင်ဖြစ်၍ ရှမ်းစိမ်းမျိုး ဟုခေါ်ကြပြီး ပုသိမ်ကြီးမြို့နယ် ကျွန်းမြေရေကျ၌ စိုက်သည့် ပဲပုပ်က အစေ့သေးကြောင်း၊ ကချင်ပြည်နယ် မိုးညှင်း ၊ မိုးကောင်း၊ ဝန်းသိုဘက်ရှိ လယ်ကန် သင်းများတွင် မိုးအခါစိုက်ပျိုးသကဲ့သို့ပင် မိုးနှောင်းကာတွင်လည်း စိုက်ပျိုးပြီး ဆီတိုဟူးအဖြစ် လုပ်စားကြကြောင်း၊ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း ဧရာဝတီ တိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင်ပင် ပဲပုပ်ကို စိုက်လာကြကြောင်း သိရှိရပါတယ်။ ပဲပုပ်မှ ထုတ်လုပ်သည့် လူကြိုက်များထင်ရှားသော အစားအသောက်များမှာ ပဲပုပ်စေ့အား အချဉ်ဖောက်ပြုလုပ်သည့် ပဲငါးပိ၊ ပဲငံပြာရည်၊ပဲနို့နှင့် တို့ဟူး တို့ဖြစ်ပါတယ်။

       ပဲပိစပ်ကို   Dolichos Lablab  ဟုရေးသားပြီး အင်္ဂလိပ်အမည်  Horse gram (မြင်းစား ကုလားပဲ)ဟု ခေါ်ဝေါ်ကြောင်း၊    ပဲပိစပ်တွင်  ဆီပါဝင်မှု ၊ ပရိုတင်းပါဝင်မှုများမှာ ပဲပုပ်ကို မမီပဲ Tannin (ဖန်ရည်) ပါဝင်မှုများ၍ ဖန်သည့်အရသာရှိကြောင်း၊ ပဲကြီးပင်နှင့် အလွန်တူသော်လည်း ပင်စည်ရိုးတံ၊ အကိုင်းအခက်၊ အရွက်တို့က သေးငယ်၍  အစေ့မှာ ခပ်ပြားပြား၊ အရောင်မှာ အနီ ဖျော့ဖျော့ရှိသလို ဖြူညစ်ညစ်မျိုးလည်း ရှိကြောင်း၊ ယခင်က မြင်းခြံ ၊ ကျောက်ပန်းတောင်း တောင်သာတို့ရှိ ယာမြေများမှာ စိုက်ပျိုးခဲ့ကြသော်လည်း နောက်ပိုင်းတွင် ပဲစဉ်းငုံ၊ ပဲတီစိမ်းတို့နှင့်  အထွက်နှုန်း၊ စျေးနှုန်းတို့ကို လိုက်မမီ၍ မစိုက်ကြတော့ကြောင်း၊ ပုံးရည်ကြီး လုပ်ငန်းများ ပြန်လည်တွင်ကျယ်လာပြီးနောက်ပိုင်းတွင် ပဲပိစပ်စျေးအနည်းငယ် ကောင်းလာပြီး မြေနုကျွန်း များတွင် ဆင်းစိုက်လာခဲ့ကြပြီး၊  တောင်ငူခရိုင် အထက်ပိုင်း ရေတာရှည်၊ ရေနီ၊ သာဝတ္ထိအထိ စိုက်လာကြသည့်အခါတွင် ပုဂံညောင်ဦးသားများ လာရောက်ဝယ်ယူကြကြောင်း၊ ပဲပိစပ်မှာ အဓိက ပုံးရည်ကြီးပြုလုပ်သည့် ပဲဖြစ်ကြောင်း၊ ပဲပိစပ်ကို အစေ့ထုတ်ယူဖို့သာမက တိရစ္ဆာန် အစာ အတွက်ပါ စိုက်ပျိုးကြကြောင်း၊ ပဲပိစပ်ကျိုရည် ခပ်ပျစ်ပျစ်ကို ကြွက်မြီးတန်းအခြေကျလျှင် ငှဲ့ယူပြီး သီးခြားဒယ်တွင် ထပ်မံ၍ ပျစ်အောင်မီးအေးအေးဖြင့်နှပ်ပေးလျှင် လိုချင်သော အချဉ် အဆိမ့်ပစ္စည်းများ ထည့်၍ ပုံးရည်ကြီး လုပ်ရောင်းကြကြောင်း၊ ရေနွေးဖြောထားသည့် ပဲပိစပ် အစေ့အဖတ်များကို ဆန်ဖြင့်ရော၍ ထမင်းအဖြစ်လည်းကောင်း၊  ဆန်ကို ဦးစွာကျို၍ ပျော့ပြီး ငှဲ့ခါနီးမှ ပဲပိစပ်ပြုတ်ဖတ်ကို ထည့်မွှေပြီး နှပ်၍လည်းကောင်း ချက်စားလေ့ရှိကြကြောင်း လေ့ လာသိရှိရပါသည်။

ရင်းမြစ်   -   Wikipedia

ထားဝယ်မြို့ပေါ်ရှိ အလှကုန်ဆိုင်များနှင့် အချိုရည်၊ယိုမျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့တွင် ထားဝယ်မြို့ပေါ်ရှိ အလှကုန်ရောင်းချနေသောဆိုင်များအား လည်းကောင်း၊ ဇန်နဝါရီ ၂၂ ရက်နေ့တွင် အချိုရည်နှင့် ယိုမျိုးစုံ ရောင်းချနေသောဆိုင်များအားလည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် အလှကုန်ပစ္စည်းများ၌ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ (၁၀ ဂရမ်)အထက် အလှကုန်ပစ္စည်းများတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်များ ဆောင်ရွက်ထားရှိမှု ရှိ မရှိကိုလည်းကောင်း၊ (၁၀ ဂရမ်) နှင့်အောက်တွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းတို့ကို မြန်မာဘာသာ(သို့မဟုတ်) မြန်မာဘာသာနှင့် အခြားဘာသာယှဉ်တွဲဖော်ပြ ထားခြင်းရှိ/မရှိကိုလည်းကောင်း၊ အချိုရည်နှင့် ယိုမျိုးစုံတို့တွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့နှင့် မြန်မာဘာသာ(သို့မဟုတ်) မြန်မာဘာသာ နှင့်အခြားဘာသာယှဉ်တွဲ ဖော်ပြထားခြင်းရှိ/မရှိတို့ကိုလည်းကောင်း စစ်ဆေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ ရှမ်းချောင်းလမ်းမကြီးရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

       ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ၊ (၁၉)ရက်နေ့တွင် မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ ရှမ်းချောင်းလမ်းမ ကြီးရှိ ဆေးဆိုင်များအား ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ တိုင်းရင်းဆေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ ဌာနများနှင့်ပူးပေါင်း၍ တရားဝင်မှတ်ပုံတင်၍ ရောင်းချခွင့်ရှိသော ဆေးဝါးများကို ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

        အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းပြုလုပ်ခဲ့ရာတွင် တရားဝင်မှတ်ပုံတင်၍ ရောင်းချခွင့်ရှိသော ဆေးဝါးများကို ရောင်းချလျက်ရှိကြောင်းသိရသည်။

DOCA(တနင်္သာရီ)

မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်ရှိ SA Bakery မုန့်တိုက်၌ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခြင်း

     ၂၁.၁.၂၀၂၁ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးကျော်မြင့်နှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်ရှိ SA Bakery မုန့်တိုက်မှ မုန့်ထုတ်လုပ်ရေးလုပ်ငန်းရှင် ဦးပဒန်ဆွတ်အောင်နှင့် ဝန်ထမ်းများကို အသိပညာပေးဟော‌ပြောပွဲ ပြုလုပ်ခဲ့ပါသည်။ ထိုအသိပညာပေးဟောပြောပွဲတွင် ခရိုင်ဦးစီးမှူး ဦးကျော်မြင့်မှ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ် ဖွင့်ဆိုချက်များနှင့်တာဝန်များ၊ ကုန်အညွန်းအမှတ်အသားဖော်ပြရန် သတ်မှတ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ Online Shopping နှင့်ပတ်သက်၍ သတိပြုသည့်အချက်များနှင့် တကိုယ်ရည်သန့်ရှင်းမှုနှင့် ကျန်းမာရေးဆိုင်ရာ အလေးထားလိုက်နာရမည့်အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကချင်ပြည်နယ်

ဗန်းမော်မြို့၊ ဟန်းတဲရပ်ကွက် အောင်ကောင်းဆက်ဆန်စက်မှ ဝန်ထမ်းများနှင့်အလုပ်သမားများအား အသိပညာပေးဟောပြောခြင်း

      ၂၁.၁.၂၀၂၁ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ဟန်းတဲရပ်ကွက် အောင်ကောင်းဆက်ဆန်စက်မှ ဝန်ထမ်းများနှင့် အလုပ်သမား (၂၅)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။ အသိပညာပေး ဟောပြောရာတွင် ဒု-ဦးစီးမှူး ဒေါ်နှောင်းနှောင်းဝင်းက စားသုံးသူကာကွယ်ရေးဥပဒေပါ အဓိပ္ပာယ် ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံ ပေးထားမှုအပေါ် စားသုံးသူတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားခြင်းနှင့် စေ့စပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခြင်းများ၊ ဗန်းမော်ခရိုင်စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားလက်ခံဆောင်ရွက်ရေးစင်တာ(CICC) ဖွင့်လှစ်ထားရှိမှုနှင့် ဆောင်ရွက်ပေးနေမှု အခြေအနေတို့ကို ရှင်းလင်းဆွေးနွေးဟောပြောခဲ့ရာ တက်ရောက်သူများမှလည်း သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကချင်ပြည်နယ်

စားသုံးသူများအနေဖြင့် ပညာရေးဝန်ဆောင်မှု ရယူခြင်းမပြုမီ အလေးထား ဆောင်ရွက်ရမည့် အချက်များ

၁။      စားသုံးသူများအနေဖြင့် မိမိရယူမည့် ပညာရေးဝန်ဆောင်မှုလုပ်ငန်း၏ သင်ကြားမှုနှင့်ပတ် သက်သည့်အချက်အလက်များကို သင်တန်းတက်ရောက်ခြင်း မပြုမီ သိရှိရန်အတွက် ပညာရေး ဝန်ဆောင်မှုလုပ်ငန်း၏ ကြိုတင်အသိပေးကြေညာမှုများကို အသေးစိတ်လေ့လာ၍ ကျေနပ်လက်ခံနိုင်မှသာ ယင်းဝန်ဆောင်မှုကို ရယူရန်။

၂။       စားသုံးသူများအနေဖြင့် သဘောတူညီမှုစာချုပ်တွင် လက်မှတ်ရေးထိုးခြင်း မပြုမီ မိမိရယူ မည့် ပညာရေးဝန်ဆောင်မှုလုပ်ငန်း၏ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် ငွေပြန် အမ်းမှုဆိုင်ရာ မူဝါဒ တို့ကို နားလည်သဘောပေါက်အောင် တိကျသေချာစွာ ဖတ်ရှုရန်။

၃။      စားသုံးသူများအနေဖြင့် ပညာရေးဝန်ဆောင်မှုကို ရယူမည်ဆိုပါက ချုပ်ဆိုမည့် သဘောတူညီမှုစာချုပ်များတွင် သဘောတူလက်မှတ်ရေးထိုးခြင်း မပြုမီ အောက်ပါအချက်အလက်များ ပါဝင်မှု ရှိ၊ မရှိ စိစစ်လေ့လာ၍ တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအတွက် မှန်ကန် မျှတမှုရှိသည့်စာချုပ်ဖြစ်မှသာ ချုပ်ဆိုသွားရန်-

     (က)    သင်ကြားပို့ချမည့် ပညာရပ်၊ သင်ကြားပို့ချမည့် အချိန်ကာလ၊ မည်သည့် အဖွဲ့အစည်းက ထောက်ခံထားသည့် သင်တန်း၊ သင်ကြားပို့ချမည့် ဆရာ၊ ဆရာမ တို့နှင့် သက်ဆိုင်သည့် အချက်အလက်များ။

     (ခ)     သင်တန်းကြေးပေးသွင်းရမည့် ငွေပေးချေမှုနည်းလမ်း နှင့် ငွေပေးသွင်းရမည့် အချိန်ကာလ သတ်မှတ်ချက်။

   (ဂ)     ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရေးဝန်ဆောင်မှုကို ရယူအသုံးပြုခြင်း မရှိသေးပါက ကြိုတင်ပယ်ဖျက်ခွင့်ပြုနိုင်ရေး အချိန်ကာလတစ်ခု သတ်မှတ်ချက်နှင့် ဝန်ဆောင်မှုကို အသုံးပြုသူအနေဖြင့် အဆိုပါသတ်မှတ်ရက်အတွင်း ပယ်ဖျက်ပါက သင်တန်းကြေးအဖြစ် ပေးသွင်းထားသည့် ငွေပမာဏများ ပြန်လည်ပေးအပ်မည့် အစီအစဉ်နှင့် သတ်မှတ်ရက်ကျော်လွန်မှ ပယ်ဖျက်ပါက ပြန်လည်ပေးအပ်မည့် အစီအစဉ်များ။

   (ဃ)    သင်ကြားမှုနှင့်ပတ်သက်သည့် သင်ထောက်ကူပစ္စည်းများ၊ စာရွက်စာတမ်းများ၊ စာမေးပွဲကြေးများ နှင့် ပတ်သက်၍ ပေးသွင်းရမည့် အခကြေးငွေများကို ပေးချေရမည့် နည်းလမ်းနှင့် ပုံစံများဖြင့် ပေးသွင်းရမည့် အချက်အလက်များ။

   (င)     သင်တန်းဖွင့်လှစ်မည့် နေရာဒေသ နှင့် သင်တန်း အချိန်ကာလ။

   (စ)     သင်ကြားမှုပုံစံ နှင့် နည်းစနစ်များကို လေ့လာနိုင်ရန် အခွင့်အရေးပေးထားသည့် အချိန်ကာလ။

   (ဆ)    ပညာရေးဝန်ဆောင်မှု ရယူပြီးနောက် ကြေညာထားသည့် အချက်အလက်များ ပြောင်းလဲခြင်းဆောင်ရွက်မည်ဆိုပါက သက်ဆိုင်ရာ ကျောင်သားမိဘများ နှင့် ညှိနှိုင်း၍ ရာခိုင်နှုန်းမည်မျှသဘောတူညီမှသာ ဆက်လက်ဆောင်ရွက်မည်ဆိုသည့် သတ်မှတ်ချက်များ။

   (ဇ)     ပညာရေးဝန်ဆောင်မှုလုပ်ငန်းများမှ ကြော်ငြာထားသည့် အချက်အလက်များမှာ အမှန်တကယ်ရရှိသည် နှင့် ကိုက်ညီမှုမရှိပါက စားသုံးသူများအား ပြန်လည်ကုစား ပေးမည့် သတ်မှတ်ချက်များ။

စားသုံးသူရေးရာဦးစီးဌာန

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်နှင့်ဆန်ထွက်ပစ္စည်း တင်ပို့ရောင်းချမှုအတွက် ကုမ္ပဏီမှတ်ပုံတင်ခွင့် ရရှိရေးလိုက်နာ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ

      ၂၀၁၄ ခုနှစ်တွင် ချုပ်ဆိုခဲ့သော မြန်မာနိုင်ငံမှ ဆန်ကို တရုတ်ပြည်သူသမ္မတနိုင်ငံသို့ တင်ပို့ရန် စစ်ဆေးခြင်းနှင့် ပိုးမွှားကင်းစင်ရေး သဘောတူစာချုပ်အရ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်တင်ပို့နိုင်ရန်အတွက် ၂၀၁၉ ခုနှစ်တွင် ကုမ္ပဏီ(၄၃)ခု၊ ဆန်စက် (၁၀၃)စက် လျှောက်ထားလာပါကြောင်း၊ ယင်းစာချုပ်အရ လိုအပ်သော အချက်အလက်များအား အဓိက အပိုင်း(၃)ပိုင်း သတ်မှတ်၍ စစ်ဆေးခဲ့ပါကြောင်း၊ အပိုင်း (A) ကုန်ကြမ်း၊ ကုန်ချော သိုလှောင်ရုံထားရှိမှု၊ အပိုင်း (B) လုပ်သား များ၏ တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့် ကျန်းမာသန့်ရှင်းရေးတို့ကို MITS မှ အဓိက တာဝန်ယူ စစ်ဆေးပေးပါကြောင်းနှင့် အပိုင်း(C) ဆန်စက်များ၏ ကြိတ်ခွဲရေးဆိုင်ရာ အဆင့်အတန်းလိုအပ်ချက်များကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးပေးပါကြောင်း၊ အဆိုပါ စစ်ဆေးရေးကဏ္ဍရှိအပိုင်း (၃)ပိုင်းတွင် စုစုပေါင်း အချက် (၂၄)ချက် ပါဝင်ပါကြောင်း၊ လျှောက်ထားလာသည့် ကုမ္ပဏီ(၄၃)ခု၊ ဆန်စက် (၁၀၃)စက် လျှောက်ထားလာရာ ၎င်းဆန်စက်များအနက် ယင်းစာချုပ်နှင့်အညီ စစ်ဆေး၍ လိုက်လျောညီထွေဖြစ်သည့် ကုမ္ပဏီ (၄၃) ခု၊ ဆန်စက်(၇၉)စက်ကို ရွေးချယ်၍ စိုက်ပျိုးရေးဦးစီးဌာနမှတဆင့် နိုင်ငံခြားရေးဝန်ကြီးဌာနသို့လည်းကောင်း ယင်းမှတဆင့် တရုတ်နိုင်ငံ၊ GACC ၏ သွင်းကုန်နှင့်ပို့ကုန် အစားအစာ ဘေးကင်းလုံခြုံရေးဗျူရိုသို့ ပေးပို့ခဲ့ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မြန်မာ့ဆန်နှင့်ဆန်ကွဲတင်ပို့ရန်အတွက် ကုမ္ပဏီ ၄၃ ခုနှင့် ဆန်စက်(၇၉)စက်တို့အား ၁၀.၇.၂၀၂၀ ရက်နေ့တွင် တရုတ်နိုင်ငံ၊ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့၏ တရားဝင် Website တွင် မှတ်ပုံတင်ပြီးဖြစ်ကြောင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပင်လယ်ရေကြောင်း မှတဆင့် ဆန်တန်ချိန် ၁ သိန်း တင်ပို့ရန်အတွက် စာချုပ်ချုပ်ဆိုထားပါကြောင်း၊ ယင်းစာချုပ်အရ ယခင် မှတ်ပုံတင်ပြီးဖြစ်သည့် ကုမ္ပဏီ(၁၁)ခုအနက် ကုမ္ပဏီ (၈) ခုမှ ဆန်တန်ချိန် ၉၉၀၀၀ အား တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။

      ၂၀၂၁ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်နှင့်ဆန်ကွဲတင်ပို့နိုင်ရေးဆောင်ရွက်ရာတွင် ကုမ္ပဏီအသစ်များနှင့် ကုမ္ပဏီအဟောင်းများကို ပြန်လည်မှတ်ပုံတင်ရန်လိုအပ်ပါကြောင်း နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်နှင့်ဆန်ထွက်ပစ္စည်း တင်ပို့ရောင်းချမှုအတွက် ကုမ္ပဏီမှတ်ပုံတင်ခွင့် ရရှိရေးအတွက် အောက်ပါဇယားအတိုင်း ဆောင်ရွက်ရမည့် အချိန်များအား တရားဝင် အသိပေးထုတ်ပြန်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်-

စဉ်

ဆောင်ရွက်ရမည့် လုပ်ငန်းများ

ဆောင်ရွက်မည့်အချိန်

၁။

၂၀၁၉-၂၀၂၀ နှင့် ၂၀၂၀ - ၂၀၂၁ အတွင်း တရုတ်နိုင်ငံသို့ ကုမ္ပဏီ(၄၃) ခု၏ တင်ပို့ရောင်းချထားမှု အခြေအနေကို စိစစ်သုံးသပ်ရန်နှင့် ကုမ္ပဏီအသစ်များ/ ကုမ္ပဏီအဟောင်းများကို ပြန်လည် မှတ်ပုံတင် နိုင်ရေးအတွက်(Expression of Interest) လျောက်လွှာခေါ်ယူခြင်းကို သတင်းစာတွင် ထည့်သွင်းဖိတ်ခေါ်ခြင်း၊

မတ်လ

၂။

ဆန်တင်ပို့ခွင့်ရကုမ္ပဏီများအနေဖြင့် တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲ တင်ပို့မှု ကိစ္စ၊ မှတ်ပုံတင်မှုကိစ္စများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရေး အတွက် စားသုံးသူရေးရာဦးစီးဌာန မှ Onlin Application Software တစ်ခု ထူထောင်ခြင်း၊

ဆောင်ရွက်ဆဲ

၃။

လျှောက်ထားလာသည့် ကုမ္ပဏီများ၏ အခြေခံအချက်အလက်များ ကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ကနဦးစစ်ဆေးခြင်း၊

ဧပြီလ

၄။

လျှောက်ထားလာသည့် ကုမ္ပဏီများ၏ ဆန်စက်/သိုလှောင်ရုံများကို Third Party မှ စစ်ဆေးခြင်း၊

မေလ

၅။

စစ်ဆေးပြီးကုမ္ပဏီများ၏ဆန်စက်/သိုလှောင်ရုံများကို သက်ဆိုင်ရာ ဌာန (စားသုံးသူရေးရာဦးစီးဌာန/ စိုက်ပျိုးရေးဦးစီးဌာန) သို့ တင်ပြ ပြီး ယခင်ပြုစုပေးပို့ခဲ့သည့် “Inspection Report” Format အတိုင်း ပြင်ဆင်၍ ပေးပို့ခြင်း၊

ဇွန်လ

၆။

တရုတ်နိုင်ငံသို့ဆန်တင်ပို့မည့်ကုမ္ပဏီများ၏ သိုလှောင်ရုံများတွင် SPS Protocol ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများအတိုင်း လိုက်နာ ဆောင်ရွက်မှု ရှိ/မရှိကို စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေး ဌာနခွဲမှစစ်ဆေးပြီးစစ်ဆေးတွေ့ရှိချက်များကို Technical Working Committee သို့ တင်ပြခြင်း၊

ဇူလိုင်

၇။

Technical Working Committee မှ ရွေးချယ်အတည်ပြုပြီးသော ဆန်စက်များနှင့် ကုမ္ပဏီများအား GACC Website တွင် Registration လုပ်နိုင်ရန်အတွက် အသေးစိတ်အချက်အလက်များ နှင့် Final Inspection Report ကို MRF မှ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာနသို့  ပြင်ဆင်ပေးပို့ခြင်း၊

ဩဂုတ်လ

၈။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆန်တင်ပို့ ခွင့်ရ ကုမ္ပဏီများ၏ Registration ပြုလုပ်ရန်လိုအပ်သည့် အချက် အလက်များနှင့်  Inspection Report  အား နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ ပေးပို့ခြင်း၊

စက်တင်ဘာလ

၉။

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဆန်တင်ပို့ခွင့်ရ ကုမ္ပဏီများ ၏ Registration ပြုလုပ်ရန် လိုအပ်သည့် အချက်အလက်များနှင့် Inspection Report  အား GACC သို့ ပေးပို့ခြင်း

အောက်တိုဘာလ

 

ဗန်းမော်မြို့ ပေါက်ကုန်းရပ်ကွက်ရှိ ရှမ်းမလေးအသေးစားအချိုရည် ထုတ်လုပ်နေသော လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

          ၂၁.၁.၂၀၂၁ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်နှောင်းနှောင်းဝင်း(ဒု-ဦးစီးမှူး)နှင့်တာဝန်ရှိသူများသည် ပေါက်ကုန်းရပ်ကွက်တွင် စတင်ထုတ်လုပ်လျက်ရှိသော ရှမ်းမလေးအချိုရည်ထုတ်လုပ်သူလုပ်ငန်းရှင်နှင့် သွားရောက်တွေ့ဆုံ၍ ကုန်စည် တစ်မျိုးမျိုးထုတ်လုပ်မည်ဆိုပါက သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များအား လိုက်နာ ဆောင်ရွက်ရန်၊ ယင်းကုန်စည်တွင် စားသုံးသူကာကွယ်ရေးဉပဒေပပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်များတာဝန်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကချင်ပြည်နယ်

ဆင်း-၃ စပါး တင်းတစ်ရာ ခြောက်သိန်းထိ မြင့်တက်လာ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်အတွင်း မိုးစပါးစိုက်ဧက (၅၅,၄၁၀)ဧက စိုက်ပျိုးခဲ့ပြီး တရုတ်နယ်စပ်ဈေးကွက်နှင့် မန္တလေးဈေးကွက် အရောင်းအဝယ်ရှိသည့် ဆင်းဧကရီ (ခေါ်) ဆင်း-၃ စပါး (၃၄,၇၆၆)ဧကနှင့် အခြားစပါး (၂၀,၆၄၄)ဧက စိုက်ပျိုးခဲ့ပါတယ်။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကာလမှာ မန္တလေးမြို့ ဆန်စပါးပွဲရုံများနှင့် တရုတ်နယ်စပ်များမှာ ဆင်း-၃ ဆန် အရောင်းအဝယ်ရှိလာသည့်အတွက် စပါးတင်းတစ်ရာ လျှင် (၅၆၀,၀၀၀)ကျပ်ဈေးမှ (၆၀၀,၀၀၀)ကျပ် အထိ မြင့်တက်လာတာ တွေ့ရှိရပါတယ်။

          အင်းတော်မြို့ အမေ့အိမ်ဆန်စက်လုပ်ငန်းရှင် ဦးအောင်ထွေး၏ ပြောကြားချက်အရ “ ဆန်စက်လုပ်ငန်းရှင်တွေ အားလုံးနီးပါး ဆန်ကြိတ်ခွဲလည်ပတ်နေကြရပြီး မန္တလေး ဆန်ကုန်သည်များမှ နယ်ဆင်း လာဝယ် တာတွေ ရှိနေပါတယ်။ တစ်ချို့စက်ပိုင် သူဌေးတွေကတော့ တရုတ်နယ်စပ်အထိ သွားရောင်းကြပြီး ကျွန်တော်တို့က မန္တလေးမှ ကုန်သည်တွေကို ရောင်းချပါတယ်။ မန္တလေး ဆန်ဈေးကွက်မှာ ဆန်တစ်အိတ် (၁၁၀.၇၈)ပေါင်နဲ့ ဆန်သား ၇၀ ရာခိုင်နှုန်းကို (၂၃၀၀၀) ကျပ်နှင့် ဆန်သား ၈၀ ရာခိုင်နှုန်းကို (၂၄၀၀၀) ကျပ်ဈေးရောင်းချရပါတယ်။ ယခုလို ကိုဗစ်ကာလ မိုးစပါးပေါ် ကာစမှာ ဆန်စပါးအရောင်းအဝယ်ဖြစ်ပြီး စပါးဈေးကောင်းတဲ့ အတွက် တောင်သူလယ်သမားတွေ အဆင်ပြေကြပါတယ်”ဟု ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။

          တရုတ်နယ်စပ် ဆန်စပါးဈေးကွက်မှာ ဆင်း-၃ ဆန်အရောင်းအဝယ်ရှိတဲ့အတွက် ဆင်း-၃ စပါး အဓိကထွက်တဲ့ ကသာခရိုင်အတွင်းရှိ မြို့နယ်များနှင့် မိုးညှင်းခရိုင်အတွင်းရှိ မြို့နယ်များမှာ ဆန်စပါး အရောင်းအဝယ်ဖြစ်နေပြီး ၂၂ ဘီးတွဲကားများနှင့် မဲဇာတောင်ရိုးကိုဖြတ်ကာ မန္တလေး မြို့သို့ နေ့စဉ် (၁၀)စီးကျော် တင်ပို့နေတယ်လို့ သိရပါတယ်။ ကိုဗစ်-၁၉ ကာလ အသွားအလာ ကန့်သတ်ခံကြရပြီး အခက်အခဲတချို့ ကြုံတွေ့နေချိန်အတွင်း အခုလိုဆန်စပါး အရောင်းအဝယ် ဖြစ်လာပြီး စပါးဈေးပါ မြင့်လာသည့်အတွက် တောင်သူလယ်သမား၊ အလုပ်သမား၊ စက်ပိုင်ကုန်သည်များ စီးပွားရေးအဆင်ပြေလာကြောင်း ဆန်စပါးဈေးကွက်က သိရပါတယ်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       ၈.၁.၂၀၂၁ ရက်နေ့တွင်  ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးမှူးနှင့်တာဝန်ရှိသူများသည် သက်ဆိုင်ရာမိတ်ဖက်ဌာနများဖြစ်သည့် ရေဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် မီးသတ်တပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ရေဦးမြို့ အောင်ချမ်းသာရပ်ကွက်ရှိ ကုန်စုံဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ Covid-19 ကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများအား ဈေးကွက်အတွင်း ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်း မြှင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းကို တားမြစ်သည့် အမိန့်ကြော်ငြာစာအမှတ် ၂၁/၂၀၂၁အား လိုက်နာဆောင်ရွက်မှု ရှိ/မရှိကိုလည်းကောင်း၊ ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြ၍ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချမှု ရှိ/မရှိ ကိုလည်းကောင်း၊ သက်တမ်းလွန်ပစ္စည်းများနှင့် သက်ဆိုင်ရာဌာနများမှ စားသုံးရန်မသင့်ကြောင်း ကြေငြာထားသည့် ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိကိုလည်းကောင်း ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ