သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တောင်ငူခရိုင်အတွင်း စားသုံးဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ ရှင်းလင်းဆွေးနွေး

         စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် သက်ဆိုင်ရာမြို့နယ်တာဝန်ခံများနှင့်အတူ ဇန်နဝါရီလ ၁၈ ရက် နေ့ မွန်းလွဲပိုင်းတွင် တောင်ငူမြို့ မြို့မဈေးနှင့် ဈေးလမ်းရှိ စားသုံးဆီထုတ်လုပ်ဖြန့်ဖြူး ရောင်းချ သောလုပ်ငန်းများသို့ လည်းကာင်း၊ ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ရေတာရှည်မြို့နယ် ရေနီ မြို့ရှိ စားသုံးဆီထုတ်လုပ်ဖြန့်ဖြူး ရောင်းချသော လုပ်ငန်းများသို့လည်းကာင်း သွားရောက်၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး စီးပွာရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက် အမှတ် ၁/၂၀၂၁ ကို ရှင်းလင်းဆွေးနွေးပြီး စားသုံးဆီထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများအနေဖြင့် ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ကြရန်၊  အမှတ်တံဆိပ်ပါ စားသုံးဆီများကို ထိန်းချုပ် ကုန်စည်အဖြစ် သတ်မှတ်လိုက်ပြီးဖြစ်ပါသဖြင့် ထုတ်လုပ်သူများအနေဖြင့် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန (FDA)တွင် ထောက်ခံချက်လျှောက်ထားကြရန်နှင့် ဖြန့်ဖြူးရောင်းချသူ များ အနေဖြင့်လည်း FDA ထောက်ခံချက်ပါရှိသည့် စားသုံးဆီများကို ဦးစားပေးရောင်းချကြရန် အကြံပြု ဆွေးနွေးခဲ့ပါသည်။

          အလားတူ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်သည် ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် အုတ်တွင်းမြို့ရှိ စားသုံးဆီအရောင်းဆိုင်များသို့သွားရောက်၍ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး စီးပွာရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက် အမှတ် ၁/၂၀၂၁ ကို ရှင်းလင်းဆွေးနွေးပြီး စားသုံးဆီထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများအနေဖြင့် ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ကြရန် အကြံပြုပြောကြား၍ အရောင်းဆိုင်များအတွင်း ရောင်းချနေသော စားသုံးဆီများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင်၊ ရေတာရှည်မြို့၌ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်

          စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ဇန်နဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီက ရေတာရှည်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြု ဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးအောင်က စားသုံးသူအခွင့်အရေးများ ရရှိအောင်ဆောင်ရွက်နေမှုများ၊ ကုန်စည်နှင့် ဝန်ဆောင် မှုများနှင့်ပတ်သက်၍ သိထားရမည့်အချက်များ၊ စားသုံးသူအငြင်းပွားမှုနှင့်ပတ်သက်၍ တိုင်ကြား လာမှုများကို ဖြေရှင်းဆောင်ရွက်ပေးပုံများကို ရှင်းလင်းပြောကြားပြီး မြို့နယ်တာဝန်ခံ ဦးဇော်ဇော် ထွေးက ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်းနှင့် ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

ရေတာရှည်မြို့နယ် ရေနီမြို့တွင် အမှတ်တံဆိပ်ပါစားသုံးဆီများနှင့်ပတ်သက်၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

          စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ရေတာရှည်မြို့နယ်တာဝန်ခံတို့နှင့်အတူ ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ် ရေနီမြို့ရှိ အမှတ်တံဆိပ်ပါ စားသုံးဆီဖြူးဖြန့်ဖြူးရောင်းချသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ၂၀.၁၂.၂၀၂၁ နေ့တွင် ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ ကို ထုတ်ပြန်ခဲ့ပြီး ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) အမျိုးအစားများနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပင်ရင်းပါဝင် ပစ္စည်းကို အခြေခံသော ကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြရန်၊ ဥပမာ - ဟင်းသီးဟင်းရွက်ဆီ (စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ) စသည်ဖြင့် ဖော်ပြရန်၊ ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာယူနစ်အလေးချိန် ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့်ဖော်ပြရန် ညွှန်ကြားထားခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး အမှတ်တံဆိပ်ပါ စားသုံးဆီများကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး အာဏာပိုင်အဖွဲ့က ထိန်းချုပ်အစားအသောက်အဖြစ် သတ်မှတ်လိုက်ပြီးဖြစ်ပါသဖြင့် အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ထောက်ခံချက်ပါရှိသည့် စားသုံးဆီများကို ဦးစားပေးရောင်းချဖြန့်ဖြူးကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ ထို့နောက်ခရိုင်ဦးစီးမှူးနှင့်အဖွဲ့ သည် ရေနီဈေးအတွင်းရောင်းချသည့် စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြ ထားခြင်းရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

တောင်ငူခရိုင်၊ အုတ်တွင်းမြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးခြင်းကို Talk Show အစီအစဉ်ဖြင့် ဆောင်ရွက်

          စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာများကို Talk Show အစီအစဉ်ဖြင့် တောင်ငူခရိုင်၊ အုတ်တွင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခန်းမတွင် ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၁၀:၀၀ နာရီက ပြုလုပ်ရာ စားသုံးသူရေးရာဦးစီးဌာန၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အုတ်တွင်းမြို့နယ်ဦးစီးမှူး ဒေါ်ခင်ခင်မာတို့က စားသုံးသူကာကွယ်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးကြပါသည်။ အစီအစဉ်တွင် မြို့နယ် တာဝန်ခံ ဒေါ်အေးအေးခိုင်က ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြရန် အရေးကြီးပုံ များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း ၁၈ ပါ ပြဌာန်းချက်များ၊ ပုဒ်မ ၄၃ ပါ မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့် ကုန်အညွှန်းအမှတ် အသားများအား လုပ်ငန်းရှင်များဆောင်ရွက်ရာတွင် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန် အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ၃.၁၂.၂၀၁၉ ရက်စွဲပါ ညွှန်ကြားချက် အမှတ် ၂/၂၀၁၉ နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀.၁၂.၂၀၂၁ ရက်စွဲပါ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ ထုတ်ပြန်ထားမှုများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

သက်သာသောဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသော စားသုံးဆီအရောင်းဆိုင်များအား  ကွင်ဆင်းစစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေး

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဆီကုန်သည်လုပ်ငန်းရှင်အသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးသူ ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာဖြင့် မှာယူတင်သွင်းခဲ့သည့် စားအုန်းဆီအရောင်းဆိုင်များနှင့်ပတ်သက်၍ မန္တလေးတိုင်း ဒေသကြီး စားအုန်းဆီများအား သက်သာသောနှုန်းဖြင့် ပြန်လည်ရောင်းချရေး ဈေးကွက်စောင့်ကြည့် ကြပ်မတ်ရေးအဖွဲ့သည် ၂၀၂၂ ခုနှစ်၊ဇန်နဝါရီလ (၁၉) ရက်နေ့တွင် မန္တလေးမြို့၊ ချမ်းအေးသာစံ မြို့နယ်ရှိ စားသုံးဆီ အရောင်းဆိုင်များအား စားအုန်းဆီ ရောင်းချရာတွင် အလေးချိန်ပြည့်မီမှု ရှိ/မရှိ၊ အထူးဈေးနှုန်း သတ်မှတ်ချက်ဖြင့် ရောင်းချမှု ရှိ/မရှိ မြေပြင် ရောင်းချနေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

         ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးနှင့် ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စားသုံးဆီ/ ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) များတွင် ကုန်စည်၏ အမျိုးအမည်များအား မြန်မာဘာသာဖြင့် တိကျစွာ ဖော်ပြထားမှု ရှိ/မရှိ စစ်ဆေးခြင်း၊ စားသုံးဆီအရောင်းဆိုင်များအား စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ ၁၊ ပုဒ်မခွဲ(ခ) အရ ဤဥပဒေ၏ အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသား ဆိုင်ရာ ပြဌာန်းချက်များသည် ဥပဒေပြဌာန်းပြီး တစ်နှစ်ပြည့်မြောက်ပြီးသည့် နေ့ရက်ဖြစ်သော ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၆) ရက်နေ့မှစတင်၍ အာဏာတည်ပြီးဖြစ်ကြောင်း လုပ်ငန်းရှင်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          စားသုံးသူများ ထင်ယောင်ထင်မှား မဖြစ်စေရေးနှင့် အခြေခံလိုအပ်ချက်အပေါ် စိတ်ကျေနပ်မှု ရှိစေရေးအတွက် သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူး ရောင်းချသည့် ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) ဖော်ပြချက်အပေါ် ကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဟင်းသီးဟင်း ရွက်ဆီ (စားအုန်းဆီ) သို့မဟုတ် ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ) ဟု ဖော်ပြရန်နှင့် အသားတင်ပမာဏနှင့်အရွယ်အစား တို့အား မြန်မာအလေးချိန်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ် ကြောင်းနှင့် ဟင်းသီးဟင်းရွက်ဆီ တင်သွင်း၊ ထုတ်လုပ်၊ ဖြန့်ဖြူး ရောင်းချမှုတို့နှင့်ပတ်သက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) သည် ညွှန်ကြားချက် ထုတ်ပြန်သည့် (၂၀-၁၂-၂၀၂၁) ရက်နေ့မှ (၆)လ ပြည့်မြောက်ပြီး သည့်နေ့ရက်မှ စတင်ပြီး စတင်အာဏာသက်ရောက်မည်ဖြစ်ကြောင်း၊ ညွှန်ကြားချက်အား လိုက်နာမှု မရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ပြီး (၁/၂၀၂၁) ညွှန်ကြားချက်အား စားသုံးဆီအရောင်းဆိုင်ပိုင်ရှင်များထံ အသိပညာပေး ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(မန္တလေးတိုင်းဒေသကြီး)

 

 

 

 

တောင်ငူမြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး Talk Show ပြုလုပ်

          စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းကို Talk Show အစီအစဉ်ဖြင့် ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် တောင်ငူမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခန်းမ၌ ကျင်းပြပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်နှင့်အတူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေမိုး၊ စားသုံးသူရေးရာဦးစီးဌာန တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူတို့ ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။ Talk Show အစီအစဉ်တွင် ခရိုင်ဦးစီးမှူးဦးမျိုးအောင်က စားသုံးသူကာကွယ်ရေးဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူ အငြင်းပွားမှုကို ဖြေရှင်းဆောင်ရွက်ပေးမှုများကိုလည်းကောင်း၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူ က စားသုံးသူအခွင့်အရေးများနှင့် ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြရန် အရေးကြီးပုံများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း ၁၈ ပါ ပြဌာန်းချက်များ၊ မြန်မာဘာသာဖြင့် မဖြစ်မနေ ဖော်ပြ ရမည့် ကုန်အညွှန်းအမှတ်အသားများအား လုပ်ငန်းရှင်များဆောင်ရွက်ရာတွင် သတ်မှတ်ချက်များ နှင့်အညီ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ၃.၁၂.၂၀၁၉ ရက်စွဲပါ ညွှန်ကြားချက် အမှတ် ၂/၂၀၁၉ နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀.၁၂.၂၀၂၁ ရက်စွဲပါ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ ထုတ်ပြန်ထားမှုများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ ဇေယျာသီရီမိဘမဲ့အမျိုးသမီးဂေဟာတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

          စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ဇန်နဝါရီလ ၁၇ ရက်နေ့ မွန်းလွဲ ၁:၃၀ နာရီက တောင်ငူမြို့၊ အမှတ် ၁၈ ရပ်ကွက်ရှိ ဇေယျာသီရိမိဘမဲ့အမျိုးသမီးဂေဟာတွင် ပြုလုပ်သည့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ တက်ရောက်၍ အဖွင့် အမှာစကားပြောကြားပါသည်။ အဆိုပါဟောပြောပွဲတွင် တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူက စားသုံးသူ အခွင့်အရေးနှင့် တာဝန်များ၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထား သော ကုန်ပစ္စည်းများကို ဝယ်ယူစားသုံးတတ်ရန် အရေးကြီးပုံများကို ရှင်းလင်းဟောပြောပါသည်။ ထို့နောက် ခရိုင်ရုံးဝန်ထမ်းများ စုပေါင်းလှူဒါန်းသည့် ပဲနို့ အချိုရည်များ၊ ကိတ်မုန့်များနှင့် Mask များကို လှူဒါန်းရာ ဂေဟာအုပ်ချုပ်ရေးမှူး ဆရာကြီး ဒေါ်နန္ဒထေရီက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ဟောပြောပွဲသို့ ဂေဟာမှ ကျောင်းသူ ၈၄ ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

စားသုံးသူအခွင့်အရေးများနှင့် ပတ်သက်၍ အသိပညာပေး Talk Show အစီအစဉ်များ ဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် အများပြည်သူတို့ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေး ရည်ရွယ်၍  ပြည်ခရိုင်အတွင်းရှိ ပေါင်းတည်မြို့နယ်တွင် ဇန်နဝါရီလ (၁၄)ရက်နေ့ ၌လည်းကောင်း ရွှေတောင်မြို့နယ်တွင် ဇန်နဝါရီလ (၁၇)ရက်နေ့၌လည်းကောင်းနှင့် သဲကုန်းမြို့နယ်တွင် ဇန်နဝါရီလ (၁၉)ရက်နေ့၌လည်းကောင်း  သက်ဆိုင်ရာမြို့နယ်များရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် ပူးပေါင်းကာ Talk Show အစီအစဉ်များပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။

          အဆိုပါ  Talk Show များတွင် သက်ဆိုင်ရာမြို့နယ်တာဝန်ခံများမှ စားသုံးသူကာကွယ်ရေးဉပဒေပါ စားသုံးသူတို့၏ အခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များနှင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့် လိပ်စာများအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ပဲခူးတိုင်းဒေသကြီး

ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်

               စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ရွှေတောင်မြို့နယ်တွင် ဇန်နဝါရီ (၁၈)ရက်နေ့၌ ရတနာစက်သုံးဆီဆိုင်သို့လည်းကောင်း၊ ဇန်နဝါရီ(၁၉)ရက်နေ့၌ Petro-K စက်သုံးဆီဆိုင်သို့လည်းကောင်း၊ မြို့နယ်တာဝန်ခံမှဦးဆောင်၍ မြို့နယ်ဈေးကွက်စောင့်ကြည့် စစ်ဆေးရေးအဖွဲ့မှ သတ်မှတ်ထားသော စက်သုံးဆီခွဲတမ်းများ၊ ဈေးနှုန်းများ အရည်အသွေးများ အချိန်အတွယ်ပမာဏများအတိုင်း မှန်ကန်ပြည့်စုံစွာ ရောင်းချမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ စစ်ဆေးခြင်းများဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များမှ ကုန်စည်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို စားသုံးသူပြည်သူများသိရှိစေရန် ပြည့်စုံမှန်ကန်စွာ သတင်းဖြန့်ဝေဆောင်ရွက်ကြရန်၊ သတ်မှတ်အရည်အသွေးမပြည့်မီသော ကုန်စည်များအား အမျိုးအစားတူ ကုန်စည်နှင့် ရောနှောရောင်းချခြင်းများ မပြုလုပ်ကြရန်၊ မိမိရောင်းချမည့် ကုန်စည်အား အထူးဈေးနှုန်းဖြင့် သတ်မှတ်အရေအတွက်အတိုင်း ရောင်းချမည်ဆိုပါက သတ်မှတ်ချက်များ၊ ကျင့်ဝတ်စည်းကမ်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ရောင်းချကြရန် အသိပေးပြောကြားခဲ့ကြောင်းနှင့် စားသုံးသူ အသိပညာပေးလက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ပဲခူးတိုင်းဒေသကြီး

ပြည်ခရိုင်အတွင်း မြို့မစည်ပင်သာယာဈေးနှင့် မြို့ပေါ်ကုန်မျိုးစုံဆိုင်များရှိ ကုန်စည်များ၏ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်မှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

           စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း ဇန်နဝါရီလ (၁၇)ရက်နေ့တွင် ပေါက်ခေါင်းမြို့ပေါ်ရှိ မြို့မစည်ပင်သာယာဈေးသို့လည်းကောင်း၊ ပန်းတောင်းမြို့ပေါ်ရှိ ကုန်မျိုးစုံဆိုင်များသို့လည်းကောင်း၊ ရွှေတောင်မြို့ပေါ်ရှိ ကုန်စုံဆိုင်များသို့လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ် တာဝန်ခံများဦးဆောင်၍ မြို့နယ်ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့မှ ဈေးနှင့်မြို့ပေါ်ကုန်မျိုးစုံဆိုင်များတွင် ရောင်းချလျှက်ရှိသော ကုန်စည်များ ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရေး၊ စားသုံးသူပြည်သူများလုံခြုံစိတ်ချမှုရှိစေရေး၊ ကုန်စည်များတွင်ဖေါ်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ၊ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

          အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ရာတွင် ကုန်အညွှန်းအမှတ်အသားဖေါ်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံမှန်ကန်စွာ ဖေါ်ပြထားသော ကုန်စည်များကိုသာ ဦးစားပေးရောင်းချကြရန် သက်ဆိုင်ရာအစိုးရဌာနများမှ စားသုံးရန်နှင့် သုံးစွဲရန်မသင့်ဟု ကြေညာထားသော ကုန်စည်များအား ရောင်းချခြင်းမပြုကြရန် စားသုံးသူပြည်သူများနစ်နာဆုံးရှုံးမှုဖြစ်စေမည့် ကုန်စည်များ၊ သက်တမ်းလွန်ကုန်စည်များအား သွယ်ဝိုက်ရောင်းချခြင်းများ ရှောင်ကြဉ်ကြရန် လုပ်ငန်းရှင်များသို့ အသိပေးပြောကြားခဲ့ကြောင်းနှင့် စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဝေငှပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ပဲခူးတိုင်းဒေသကြီး

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ