သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ညီညွတ်မျှတသည့် စားသုံးသူကာကွယ်ရေး ဖော်ဆောင်ကြပါစို့

            စားသုံးသူသည် နေ့စဉ် ကုန်စည်နှင့်ဝန်ဆောင်မှုကို ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူများ၊ ပေးကမ်းထောက်ပံ့ခြင်းခံရသူများအားလုံးတို့မှလည်းကောင်း သုံးစွဲရကြသည်။ စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုကို သုံးစွဲကြရာတွင် အဓိက ကိုယ်ကျန်းမာရေး စိတ်ချမ်းသာစေဖို့ စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာ(၂)ခုလုံး စိတ်ချမ်းသာယာမှုရှိပြီး ခန္ဓာကိုယ်ကျန်းမာစေရန်အတွက် ဘေးအန္တရာယ်ကင်းရှင်းစွာ ရရှိဖို့လိုအပ်လာပါသည်။ ခေတ်ကာလပြောင်းလဲလာသည်နှင့်အမျှ ကုန်စည်ထုပ်ပိုးမှုများသည်အဆင့်မြှင့်တင်လာကြ၍ ဝန်ဆောင်မှုပေးသည့်ပုံစံများကလည်းမတူ မရိုးရလေအောင် ဖန်တီးမှုအသစ်သစ်တွေကို တွေ့မြင်လာရပါသည်။ ယင်းအပေါ်မှာ စားသုံးသူများက ရွေးချယ်ဝယ်ယူသုံးစွဲရာတွင် စားသုံးသူအခွင့်အရေး၏မိမိတို့စိတ်ကြိုက် ရွေးချယ်နိုင်ခွင့်ရရှိခြင်းဖြင့် ဝယ်ယူလာကြသည် ထိုပုံစံကလည်း စားသုံးသူအခွင့်အရေးများကို သိရှိပြီး ရယူလာနိုင်မှုလည်းဖြစ်ပါသည်။

          ယနေ့တွင် စားသုံးသူများသည် မြန်မာနိုင်ငံတွင်ပြဌာန်းထားသည့် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပေါ်ပေါက်လာပြီးနောက် စားသုံးသူများသည် တိကျမှန်ကန်မှုရှိသည့် သတင်းအချက်အလက်များရရှိလာသည့်အတွက် ကုန်စည်နှင့်ဝန်ဆောင်မှုတို့ကို  ခိုင်မာသောဆုံးဖြတ်ချက် မှန်ကန်သောရွေးချယ်မှုများဖြင့်ဝယ်ယူသုံးစွဲလာခဲ့ကြသည်။ စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင်ကွင်းဆင်းရေးလုပ်ငန်းများလုပ်ဆောင်၍ စဉ်ဆက်မပြတ် လေ့လာသုံးသပ်ရာတွင် စိတ်ချရသည့် ကုန်စည်စိတ်ချယုံကြည်ရန် လိုအပ်သည့်ကုန်စည် လိုအပ်ချက်များဖြည့်သွင်းရန်ကျန်သေးသည့်ကုန်စည်နှင့်ဝန်ဆောင်မှုအချို့သည် လုံခြုံစိတ်ချရမှုရှိစေရေး လိုအပ်မှုအချို့ရှိသည်ကို တွေ့ရှိရပါသည်။

          စားသုံးသူရေးရာဦးစီးဌာနမှ စီးပွားရေးလုပ်ငန်းရှင်များကို အသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ ကောင်းမွန်သည့်စီးပွားရေးလုပ်ငန်းရှင်ဖြစ်စေရန် စီးပွားရေးလုပ်ငန်းရှင်ကျင့်ဝတ်လိုက်နာမှု၊ တာဝန်ယူမှု တာဝန်ခံမှုတို့ ဆွေးနွေးအကြံပေးခြင်း၊ လိုအပ်သည့်လမ်းညွန်မှုများ ဖော်ဆောင်ပေးခဲ့ခြင်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ၂၀၁၉ခုနှစ် စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၀)တွင် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များဆိုသည့် ပုဒ်မ ၂၁၊ ပုဒ်မခွဲ (၁၁)ခု ဖော်ပြထားမှုတွင် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကို ခွဲခြားမှုမရှိဘဲဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ကုန်သွယ်မှုပြုရန်နှင့် ထုတ်လုပ်မှုပြုရန်အလို့ငှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက သတ်မှတ်ထားသည့် အရည်အသွေးစံသတ်မှတ်ချက်များအပေါ် အခြေခံ၍အာမခံချက်ပေးခြင်း၊ အရည်အသွေးစမ်းသပ်ရန်လိုအပ်သော ကုန်စည်နှင့်စပ်လျဉ်း၍ ဝယ်ယူခြင်းမပြုမီ စားသုံးသူများကို စမ်းသပ်နိုင်သည့်အခွင့်အရေးပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ထမ်မံပေးချေရမည့်တန်ဖိုးစားသုံးသူ ဝယ်ယူအသုံးမပြုမီ သိရှိစေရန် အတိအလင်းဖော်ပြပေးခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပွားမည့် ကုန်စည် သို့မဟုတ်        ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက် ရောင်းချခြင်းကို ရှောင်ကြဉ်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်နှင့်စပ်လျဉ်း၍ ကတိပြုထားသော အာမခံချက်နှင့်ကိုက်ညီမှု မရှိပါက ကတိပြုထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးခြင်း၊ အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ်လူထုဆက်သွယ်ရေး နည်းလမ်းများဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းဖြင့်ဖြစ်စေ၊ စားသုံးသူအပေါ် ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်ခြင်း မဟုန်မမှန်ပြောဆိုခြင်း၊ ရေးသားခြင်းနှင့်ပြုမှုခြင်းတို့ကို ရှောင်ကြဉ်ခြင်း၊  ထုတ်လုပ်သည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုတွင် ဘေးအန္တရာယ်ရှိကြောင်းကို မိမိကိုယ်တိုင်သော်လည်းကောင်း အခြားနည်းလမ်းတစ်ခုခုအရသော်လည်းကောင်း သိရှိလျှင် အဆိုပါအကြောင်းအရာအား ဦးစီးဌာနနှင့်စားသုံးသူများထံအချိန်မီသိရှိနိုင်စေရန် လူထုဆက်သွယ်ရေးနည်းလမ်းဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ အသိပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အငြင်းပွားမှုကိစ္စရပ်များဖြစ်ပေါ်ခဲ့ပါက သက်ဆိုင်ရာ ကော်မတီ၏ ဖြေရှင်းဆောင်ရွက်ပေးမှုနှင့် ဆုံးဖြတ်ချက်ကို အလေးထားလိုက်နာဆောင်ရွက်ရန် စသည့်အချက်များနှင့် ပတ်သတ်၍ စီးပွားရေးလုပ်ငန်းရှင်များမှလည်း သိရှိလိုက်နာဆောင်ရွက်လာကြသည်။

          ထို့အပြင် စီးပွားရေးလုပ်ငန်းရှင်များသည် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ကုန်အညွှန်းအမှတ်သားဖော်ပြခြင်း ပုဒ်မ ၄၁၊ ပုဒ်မခွဲ (၈)ချက်ကို အလေးထားဆောင်ရွက်လာကြောင်းတွေ့ရှိရသည်။ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ကုန်စည်၏တံဆိပ်အမှတ်အသား၊ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့် ရက်စွဲနှင့်သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊  ပြည်တွင်းသို့ တင်သွင်းလာသည့် ကုန်စည်ဖြစ်ပါက တင်သွင်းသူ၏ အမည်နှင့်လိပ်စာ၊ ထုတ်လုပ်သည့်လုပ်ငန်းအမည်နှင့်လိပ်စာ၊  ထုတ်လုပ်သည့်နေရာ သို့မဟုတ် ပြည်ပမှ ကုန်စည်များတင်သွင်းပြီး ပြန်လည်ထုပ်ပိုးသည့်နေရာ၊ ကုန်စည်တွင် ပါဝင်သော ကုန်ကြမ်းပစ္စည်း အမျိုးအမည်နှင့်ပစ္စည်းများ၏ ပမာဏပါဝင်မှုအမျိုးအစား၊  ကျန်းမာ‌ရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊  သက်ဆိုင်ရာအစိုးရဌာနများက ဖော်ပြရန်သတ်မှတ်ထားသော အချက်အလက်များတို့ကို မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ကုန်စည်တွင် ဖော်ပြရပါမည်။ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ သို့မဟုတ် မြန်မာနှင့် အခြားဘာသာတစ်ခုခုဖြစ်စေ တွဲလျက်ဖော်ပြထားသည့်အတွက် စားသုံးသူများအတွက် လုံခြုံစိတ်ချရမှုဖြစ်စေပါသည်။

          သို့ဖြစ်ပါ၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်တွင် ကုန်စည်၊ ဝန်ဆောင်မှုနှင့်ပတ်သက်၍ စားသုံးသူ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို ကာကွယ်ပေးခြင်း၊ စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့်ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့်မျှတမှုရှိသော လုပ်ငန်းစဉ်ကြီးဖြစ်ပါသည်။ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သော “ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်”ဆိုသည့်အတိုင်း စားသုံးသူရေးရာဦးစီးဌာနမှလည်း စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များအရ ဆောင်ရွက်မည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်းကောင်းမွန်သောစီးပွားရေးလုပ်ငန်းကျင့်စဉ်၊စည်းကမ်းချက် များနှင့်အညီတာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်မည်၊ စားသုံးသူများဘက်မှလည်း မိမိတို့ရရှိမည့် စားသုံးသူအခွင့်အရေးနှင့်တာဝန်ကိုသိရှိလိုက်နာကာ ဆောင်ရွက်ကြပါက စားသုံးသူ၊လုပ်ငန်းရှင်များ ညီညွတ်မျှတသည့် စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်ကြီးကို ဖော်ဆောင်ရာရောက်မည်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

DOCA(မွန်)

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ Talk Show ကျင်းပပြုလုပ်

         မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူဗဟိုပြုခန်းမ၌ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပေါင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ Talk Show ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံဦးစီးအရာရှိ ဦးနေဇင်သက်က တက်ရောက်ဆွေးနွေးခဲ့ပြီး ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက moderator အဖြစ် ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါကျင်းပပြုလုပ်သည့် Talk Show တွင် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုအကြောင်းအရာများ၊ စားသုံးသူတို့၏ အခွင့်အရေးနှင့်လိုက်နာရမည့်တာဝန်များကိုလည်းကောင်း၊  စားသုံးသူရေးရာဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသော စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းအရာများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်ပေးနေသည့်အခြေအနေများ၊ စားသုံးသူတိုင်ကြားမှုနှင့် ဖြေရှင်းဆောင်ရွက်ပေးမှုအခြေအနေများအားလည်းကောင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

ပြည်တွင်း ထုတ်လုပ်အသုံးပြုမှု ပိုလျှံသည့် ဝါဂွမ်းများ ပြည်ပသို့ တင်ပို့နိုင်ရေးဆွေးနွေးပွဲကျင်းပ

          မန္တလးတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေး ခန်းမတွင် ၂၁.၂.၂၀၂၂ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြည်တွင်း ထုတ်လုပ်အသုံးပြုမှုမှ ပိုလျှံသည့် ဝါဂွမ်းများအား ပြည်ပတင်သို့ တင်ပို့မှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးကျင်းပခဲ့ပါသည်။

        အဆိုပါအစည်းအဝေးသို့ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး၊ မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ကုန်သွယ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ဝါနှင့် ဝါထွက်ပစ္စည်း ကုန်သည်များနှင့် ကုန်ထုတ်လုပ်ငန်းရှင်များအသင်း နာယက၊ မြန်မာနိုင်ငံ ဝါထွက်ပစ္စည်းကုန်သည်များနှင့် ကုန်ထုတ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း ဝါနှင့်ဝါထွက်ပစ္စည်းတင်ပို့ရောင်းချလျက်ရှိသည့် Exporter များ တက်ရောက်ခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး မှ မိမိတို့အနေနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားချက်များအရ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေး ဗဟိုကော်မတီသို့ တင်ပြဆောင်ရွက်ရမည်ဖြစ်ပါသဖြင့်  ပြည်တွင်းရှိ ဝါလက်ကျန်အခြေအနေကို တင်ပြရမည်ဖြစ်ကြောင်း၊ လက်ကျန်စာရင်းကောက်ယူရာတွင် သိုလှောင်ရုံများ တခုချင်းလိုက် ကောက်ခံသည့်အခါ အခက်အခဲများရှိသည့်အတွက် ကုန်သည်များအနေနှင့် မိမိတို့သိုလှောင်ရုံများတွင် ဝါလက်ကျန်၊ ဝါဂွမ်းလက်ကျန်အခြေအနေများကို ယခုပြုလုပ်သည့် အစည်းအဝေးတွင် လုပ်ငန်းရှင်များအနေဖြင့် ပွင့်ပွင့်လင်းလင်းဆွေးနွေး ပေးကြရန်နှင့် မြန်မာနိုင်ငံ ဝါနှင့် ဝါထွက်ပစ္စည်း ကုန်သည်များ၊ ကုန်ထုတ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ များမှလည်း ပစ္စည်းလက်ကျန်အခြေအနေစာရင်းများ မှန်ကန် မြန်ဆန်စွာရရှိရေး တို့အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုပါကြောင်းနှင့် လက်ကျန်အခြေအနေသိရှိမှသာ ပြည်ပသို့တင်ပို့နိုင်မည့် ပမာဏကို ခန့်မှန်းတွက်ချက်နိုင်မည်ဖြစ်ကြောင်း၊ ပြည်ပတင်ပို့မှသာလျှင် ဈေးကောင်းရရှိနိုင်ပြီး တောင်သူ/ကုန်သည်/Exporter အကျိုးအမြတ်ရရှိမည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။

DOCA(မန္တလေး)

ဇီးကုန်းမြို့နယ်စားသုံးသူရေးရာသိ‌ကောင်းစရာ Talk Show ဆွေးနွေးပွဲကျင်းပခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် ၊ ဇီးကုန်းမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၂၁.၂.၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ပြန်/ဆက်ဦးစီးဌာန Community Center   တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ် ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ဇီးကုန်းမြို့နယ်တာဝန်ခံမှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်များ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များနှင့် လုပ်ငန်း တာဝန်များရှင်းလင်းခြင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ကုန်စည်အမျိုးအစားပေါ်မူတည်ပြီး အဓိကပါဝင်ရမည့်အချက်များကို မဖြစ်မနေဖော်ပြရန်၊ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၂၀ရက်နေ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ ကို ထုတ်ပြန်ခဲ့သည့် ဟင်းသီးဟင်းရွက်ဆီ(vegetable oil, cooking oil) အမျိုးအစားများနှင့် ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြသော နေရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏ အမျိုးအစားကို တိကျစွာဖော်ပြရမည်ဖြစ်ကြောင်း ၎င်းညွှန်ကြားချက်စတင်ထုတ်ပြန်ပြီး (၆)လပြည့်တဲ့ နေ့တွင် အာဏာတည်မည် ဖြစ်ကြောင်းကိုလည်း လုပ်ငန်းရှင်များသိအောင် ထည့်သွင်းပြောကြားခဲ့ပြီး ကုန်စည်နှင့် ဝန်ဆောင်မှု များကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါကလွယ်ကူ လျင်မြန်စွာ တိုင်ကြားနိုင်သည့် စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး စင်တာ(Consumer Information and Complaint Center-CICC)ကို ခရိုင်ဦးစီးမှူးရုံးတွင် ဖွင့်လှစ်ထားရှိကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

သာယာဝတီမြို့တွင် စားသုံးသူကာကွယ်ရေးဟောပြော

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ရေဝေရပ်ကွက် ၊ ရန်ကုန်-ပြည်လမ်း၊ ဆင်ဖြူတော်ဆန်စက်၌ (၂၁.၂.၂၀၂၂) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဆန်စက်ဝန်ထမ်း(၃)ဦး၊ ဆန်စက်လုပ်သား (၁၀)ဦး ၊ စုစုပေါင်း(၁၃)ဦးတို့အား စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

          ခရိုင်ဉီးစီးမှူး ဦးအောင်သိန်းမှ စားသုံးသူရေးရာဦးစီးဌာန စတင်ဖွဲ့စည်းဆောင်ရွက်မှု မြို့နယ် တာဝန်ခံ ဒေါ်အေးသန္တာထွန်း မှ စားသုံးသူကာကွယ်ရေးဉပဒေပါအကြောင်းအရာများ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက လွယ်ကူလျင်မြန်စွာ တိုင်ကြားနိုင်သည့် စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center-CICC)ကို ခရိုင်ဦးစီးမှူးရုံးတွင် ဖွင့်လှစ်ထားရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ပါးစပ်နှင့်နှာခေါင်းစည်းများ  စနစ်တကျ ဝတ်ဆင်ရန် အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ ပါကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

အုတ်ဖိုမြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်အရ အုတ်ဖိုမြို့နယ်တာဝန်ခံ ဦးအေးဇော်ထိုက် ၊ ဒု-ကြီးကြပ်ရေးမှူး ဦးအောင်သိန်းဦး တို့သည်မိုးညိုတန်းရပ်ကွက်နေ ပြည်သူ(၁၀) ဦးအား ၂၁.၂.၂၀၁၁ ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

          မြို့နယ်တာဝန်ခံ ဦးအေးဇော်ထိုက်မှ စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်ဌာန ၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းဆွေးနွေးဟောပြောခြင်း၊ ဒု-ကြီးကြပ်ရေးမှူး ဦးအောင်သန်းဦးမှ စားသုံးသူ ကာကွယ်ရေးဉပဒေပါ စားသုံးသူပြည်သူများ၏ အခွင့်အရေး(၈)ချက်နှင့် တာဝန်များကို အကျယ်တဝင့် ရှင်းလင်းဟောပြောခြင်း၊ စားသုံးသူပြည်သူများ၏ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်း ဆွေးနွေး ဆောင်ရွက်ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

ပဲခူးတိုင်းဒေသကြီးဌာနဆိုင်ရာဝန်ထမ်းများနှင့်ပြည်သူများကို သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချ

          ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၏ စီမံခန့်ခွဲမှု အစီအစဉ်ဖြင့် တိုင်းဒေသကြီးဉီးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် အတူ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဦးဆောင်ပြုလုပ်သောသက်ဆိုင်ရာဒေသအလိုက် စားသုံးဆီ ဈေးနှုန်း တည်ငြိမ်ရေးနှင့် သက်သာစွာ ဝယ်ယူ နိုင်ရေး အတွက် ပဲခူးခရိုင်၊ ပဲခူးမြို့ဆီကုန်သည်အသင်းမှ မိမိဒေသအတွင်း အရောင်းကားဖြင့် တိုက်ရိုက် ရောင်းချမှု အစီအစဉ်ကို အရောင်းကိုယ်စားလှယ်များနှင့် ပူးပေါင်းကာ ၂၁.၂.၂၀၂၂ နံနက်(၁၀:၀၀) အချိန်မှ စ၍ ပဲခူးမြို့ပေါ်ရှိ အထူးစုံစမ်းရေးဉီးစီးဌာန၊ စက်မှုကြီးကြပ် ရေးဦးစီးဌာန၊ ဌာဆိုင်ရာစုပေါင်းရုံး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ မြန်မာနိုင်ငံတိုင်းရဲတပ်ဖွဲ့မှူးရုံး၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ပင်စင်ဦးစီးဌာနနှင့် အာမခံလုပ်ငန်းရုံးများသို့ စားသုံးဆီ တစ်ပိဿာလျှင် ၅၀၀ဝိ/ ကျပ်နှုန်းဖြင့် လှည့်လည် ရောင်းချခဲ့ရာ သက်ဆိုင်ရာဌာနဝန်ထမ်းများနှင့် ပြည်သူများအား ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ပဲခူးတိုင်းဒေသကြီး

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကျင်းပ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန(ရုံးချုပ်)မှ Zoom Webinar စနစ်ဖြင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ တွေ့ဆုံဟောပြောပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၂၃)ရက်နေ့ နေ့လည် (၁၃:၀၀) နာရီမှ (၁၇:၀၀)အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ် ဒေသတွင်းပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် မူပိုင်ခွင့်ဌာန၏ ဉပဒေနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအား  စီးပွားရေးလုပ်ငန်းရှင်/SME     လုပ်ငန်း ရှင်များအား အသိပညာပေးဆွေးနွေးရခြင်းဖြစ်ပါသည်။

         အဆိုပါဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဦးစီးဌာနမှ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်နှင့် အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထားဆိုင်ရာကိစ္စနှင့် ပတ်သက်၍ ဒေါက်တာစိမ့်သန္တာထွန်း၊ ညွှန်ကြားရေးမှူးက ရှင်းလင်းပြောကြားခြင်း၊ Online Filling System (wipo File) စနစ်ဖြင့် အမှတ်တံဆိပ်မှတ်ပုံ တင်လျှောက်ထားခြင်းဆိုင်ရာ ကိစ္စနှင့်ပတ်သက်၍ ဒေါက်တာမေဖြိုးသွယ်၊ ညွှန်ကြားရေးမှူးက ရှင်းလင်းပြောကြားပြီး၊ တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်/SME လုပ်ငန်းရှင်များ၏ သိရှိလိုသည့် မေးမြန်းခြင်းအပေါ် ရှင်းလင်းဆွေးနွေးခြင်း  အစည်းအဝေးသို့ စီးပွားရေးလုပ်ငန်းရှင်/ SME လုပ်ငန်းရှင် (၄)ဦးနှင့် ရခိုင်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာမှ အရာထမ်း/အမှုထမ်း(၁၂)ဦး  စုစုပေါင်း(  ၁၆ )ဦးတို့သည် Zoom Webinar စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရခိုင်)

ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြော

         စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ၂၂.၂.၂၀၂၂ ရက်နေ့ နေ့လည်(၁၃:၃၀) နာရီအချိန်တွင် ဗိုလ်ချုပ်ဈေးတာဝန်ခံရုံး၌ ကုန်မျိုးစုံဆိုင် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါအချက်များကို အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

          အသိပညာပေးဟောပြောပွဲသို့ ဗိုလ်ချုပ်ဈေးရှိ ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင် (၈)ဦး တက်ရောက် ခဲ့ပြီး၊ အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ် ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးမှု၊ ကုန်စည်အပေါ် တာဝန်ရှိမှု၊ ကုန်အစည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာအချက်များကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များမှ သိလိုသည့်အချက် များမေးမြန်းမှုကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

တည်းခိုရိပ်သာဝန်ဆောင်မှုလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အသိပညာပေးဟောပြောဆွေးနွေး

        စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူရုံးမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဌာနခွဲတာဝန်ခံတို့သည် ပြည်ခရိုင်အတွင်းရှိ လုပ်ငန်းရှင်တို့အနေဖြင့် စားသုံးသူ ကာကွယ်ရေး ဥပဒေပြဌာန်းချက်များအား ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်စေရေးအတွက် ရည်ရွယ်၍ ဖေဖော်ဝါရီလ (၂၀)ရက်နေ့၊ နံနက်ပိုင်းတွင် ပြည်မြို့နယ်အတွင်းရှိ တည်းခိုရိပ်သာ ဝန်ဆောင်မှုလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

       အဆိုပါ ဆွေးနွေးပွဲသို့ ပြည်မြို့နယ်အတွင်းရှိ တည်းခိုရိပ်သာ ဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်လျှက် ရှိသော လုပ်ငန်းရှင်များ၊ ဥက္ကဌမှ အဖွင့်အမှာစကားပြောကြားခြင်းနှင့် စားသုံးသူ ရေးရာ ဦးစီးဌာန ၊ ပြည်ခရိုင်ဦးစီးမှူးမှ ဥပဒေပါ ဝန်ဆောင်မှုလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက် ရမည့် တာဝန်များ၊ ပြစ်မှု၊ ပြစ်ဒဏ်တို့အကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးဆောင်ရွက်ခဲ့ပြီး တက်ရောက် လာသော လုပ်ငန်းရှင်များမှ သိရှိလိုသည့် မေးမြန်းမှုအား ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ