သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မော်လမြိုင်မြို့ အ.ထ.က (၁၀) ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ မော်လမြိုင်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် ၆.၁၂.၂၀၂၂ ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် မော်လမြိုင်မြို့ အ.ထ.က(၁၀) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်သိန်းသိန်းညွှန်မှ အဖွင့်အမှာစကား ပြောကြားခြင်း စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ အားဦးစွာရှင်းလင်းပြောကြားခြင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ အဓိပ္ပာယ်များ၊ စားသုံးသူများ ရသင့်ရထိုက်သောအခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များ၊ ကုန်စည် (သို့) ဝန်ဆောင်မှုနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှုများရှိပါက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊ မိမိတို့ဌာနအား တိုင်ကြားလာမှုအပေါ်ဌာနမှ ဖြေရှင်းဆောင်ရွက်ခဲ့သည့်ကိစ္စရပ်များ၊ နစ်နာဆုံးရှုံး မှုများရှိပါက ဌာနသို့ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများကို ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပါသည်။
ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၂၄) ဦး တက်ရောက်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးထံသို့ စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)

မော်လမြိုင် အ.ထ.က (၄) ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ မော်လမြိုင်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် ၆.၁၂.၂၀၂၂ ရက်နေ့ နံနက် (၁၃:၀၀) နာရီတွင် မော်လမြိုင်မြို့ အ.ထ.က (၄) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာမှ အဖွင့်အမှာစကား ပြောကြားခြင်း စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင်မှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာကိစ္စရပ်များ၊ တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၂၁၀) ဦးတက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)

မရင်းကုန်းကျေးရွာအတွင်းရှိ စားသုံးသူများအား အသိပညာပေးဟောပြော

စားသုံးသူရေးရာဦးစီးဌာန၊ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင် (ဌာနခွဲစာရေး) သည် ၁၂.၁၂.၂၀၂၂ ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ မရင်းကုန်းကျေးရွာအတွင်းရှိ စားသုံးသူများအား စားသုံးသူအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောရာတွင် စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန် မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်း ပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုလိုကြောင်း၊ စားသုံးသူအခွင့်အရေးများဖြစ်သောစားသုံးသူများအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များအပေါ်တွင် စိတ်ကျေနပ်မှုရှိစေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း၊ ကုန်စည် သို့မဟုတ်ဝန်ဆောင်မှုအပေါ်ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သောသတင်းအချက် အလက်များပြည့်စုံမှန်ကန်စွာ သိရှိခွင့်နှင့်ပြေစာ သို့မဟုတ် အထောက်အထားများရယူခွင့်ရှိခြင်း၊ ဈေးကွက်အတွင်းရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူစိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များတွင် ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရရှိနိုင်စေခြင်း၊ ကုန်စည် သို့မဟုတ်ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်း၊ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် အသိပညာဗဟုသုတများ၊အခွင့်အရေးနှင့် လိုအပ်သောအချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိခြင်း၊ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ရရှိစေခြင်းစသဖြင့် အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူမျာအား စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။
DOCA(ကချင်)

သက်သာသောဈေးနှုန်းဖြင့် ဘူးသွင်းပြီး စားအုန်းဆီများ ဆက်လက် ရောင်းချပေးနေမှု

     ပြည်ထောင်စုနယ်မြေ၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီး မှူးရုံးနှင့် Diamond Dragon Companyတို့ ပူးပေါင်း၍ သက်သာသောဈေးနှုန်းဖြင့် စားသုံးသူ ပြည်သူများထံသို့ ဘူးသွင်းပြီး စားအုန်းဆီများကို ရောင်းချပေးလျက်ရှိရာ ( ၈-၁၂-၂၀၂၂ )ရက်နေ့တွင် ပျဥ်းမနားမြို့နယ်၊ ပျဥ်းမနားမြို့မဈေးနှင့် ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူဈေးတို့၌ တစ်ပိဿာလျှင် (၅၃၀၀)ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် တစ်ပိဿာနှုန်း ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

သံတွဲမြို့၊ အမှတ်(၂)ရပ်ကွက် မြို့မ အ.ထ.က(ခွဲ)စာသင်ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး  ဟောပြောခြင်း

       ရခိုင်ပြည်နယ် ‌၊ စားသုံးသူရေးရာဦးစီးဌာန၊သံတွဲခရိုင်ဦးစီးမှူးရုံးမှ  ဦးဝင်းနိုင်(ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကွဲရေးဦးစီးဌာန(FDA)နှင့် ပူးပေါင်း၍ သံတွဲမြို့၊အမှတ်(၂)ရပ်ကွက်၊အ.ထ.က(ခွဲ) မြို့မစာသင်ကျောင်း၌ (၈-၁၂-၂၀၂၂)ရက်နေ့ နေ့လယ် (၁:၃၀)နာရီမှ(၂:၃၀)နာရီထိ စားသုံးသူကာကွယ်ရေး ၊ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကွဲရေးဦးစီးဌာန(FDA)မှ ဒေါ်ရတီဦး(ဒု-ကြီးကြပ်ရေးမှူး)က ဓါတုဆိုးဆေးနှင့်ဓါတုတာ ရှည်ခံများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် သတ်မှတ်ပမာဏထက် ပိုမိုသုံးစွဲသောအစားအသောက်များအား သုံးစွဲမှုမပြုလုပ်ရန်နှင့် ၎င်းဌာနမှထုတ်ပြန်ထားသည့် စားသုံးရန်မသင့်သော အစားအသောက်များအား ဝယ်ယူစားသုံးရန်မပြုလုပ်ရေးအား ရှင်းလင်းဟောပြောဆွေး‌နွေးခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူး  ဦးဝင်းနိုင်(ဦးစီးအရာရှိ)က စားသုံးသူရေးရာ ဦးစီးဌာန၏မျှော်မှန်းချက်(vision)၊ ရည်မှန်းချက်(Mission) တို့အားလည်းကောင်း၊ စားသုံးသူ များလုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူနစ်နာ ဆုံးရှံးမှုများနှင့် စပ်လျဉ်း၍ ကိစ္စရပ်များပေါ်ပေါက်လာပါက တိုင်ကြားနိုင်သည့်အခွင့်အရေးရှိသည့်အတွက် စားသုံးသူ သတင်းအချက်အလက်တိုင်ကြားရေးနှင့်  တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)များ ဖွင့်လှစ်ထားပါကြောင်းနှင့် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတ များ၊အခွင့်အရေးများနှင့် လိုအပ်သောအချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိစေရေးအတွက် Websiteဖြစ်သည့်www.doca.gov.mm နှင့် doca Myanmar mobile applicationတွင်ဝင်ရောက် လေ့လာနိုင်ရေးနှင့် တိုင်ကြားနိုင်သည့်နည်းလမ်းများအား အကျယ်တဝင့်  ဆွေးနွေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

 

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှု ဌာနစု(လှည်းကူး)ရှိ ဓာတ်ခွဲခန်း အလိုက် နိုဝင်ဘာလအတွင်း ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်ခဲ့မှု အခြေအနေ

     စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး)၏ ဓာတ်ခွဲခန်းများမှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း လုပ်ငန်းရှင်ပေါင်း(၃၄)ဦးက အပ်နှံလာသော သီးနှံအမျိုးအစား(၁၇)မျိုး၊ စုစုပေါင်းနမူနာအရေအတွက် (၈၅) ခု၊ ဓာတ်ခွဲစမ်းသပ်မှုပေါင်း (၂၆၉) ခုကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။

     ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း လယ်ယာထွက်ကုန်ပို့ကုန်များအား အင်ဒိုနီးရှား၊ တရုတ်နှင့် ဂျပန်နိုင်ငံများသို့ တင်ပို့နိုင်ရေးအတွက် နှမ်းနက်(သိပ္ပံ)၊ နှမ်းနက်(ရိုးရိုး)၊ ပဲယင်း၊ စွန်တာနီ၊ ပဲတီစိမ်း၊ ထောပတ်ပဲ၊ ဆန်ဖြူ၊ ပဲပိစပ်အစာ၊ ဆန်ကွဲဖတ်၊ မုယောကြိတ်ဖတ်၊ ဖွဲနု၊ ဘီယာ အရည်၊ မြေပဲခွံမှုန်၊ ပေါင်းဆန်၊ ဆန်ကွဲနှင့် စပါးတို့၏ ဓာတု အရည်အသွေး၊ ရူပအရည်အသွေး၊ ပိုးသတ်ဆေးကြွင်းပါရှိမှု၊ မှိုဆိပ်ပါရှိမှုစသည့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းကိုလည်းကောင်း၊ ပြည်ပနိုင်ငံများမှ တင်သွင်းလာသည့် စားအုန်းဆီများ၏ အရည်အသွေးများကိုလည်းကောင်း ဓာတ်ခွဲစမ်းသပ်ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

    ဓာတ်ခွဲခန်းအလိုက် ဓာတ်ခွဲစမ်းသပ်မှုအနေဖြင့် ပိုးသတ်ဆေးကြွင်းဆိုင်ရာ ဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု (၄၅) ခု၊  မှိုဆိပ်ဆိုင်ရာဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု (၂၀) ခု၊ ဆီနှင့်ဆီထွက် သီးနှံဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု (၁၄၀) ခု၊ သီးနှံ(ဓာတု)ဆိုင်ရာ ဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု (၄၂)ခုနှင့် သီးနှံ(ရူပ)ဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု (၂၂)ခု၊ စုစုပေါင်း ဓာတ်ခွဲစမ်းသပ်မှု (၂၆၉) ခု ဆောင်ရွက်နိုင်ခဲ့ပါသည်။

DOCA(ITQM)

 

“မိတ္ထီလာခရိုင်အတွင်းရှိ လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စေ‌ရေး တပ်ဆင်ကူညီပေး’’

         စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံးခန်း၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဝမ်းတွင်းမြို့နယ်၊ အမှတ် ( ၂ ) ညီနောင်ရပ်ကွက်၊ ၁၂/၁၉ အောင်မြေလမ်း၊ ကန်သာရပ်တွင် ထုတ်လုပ်တင်သွင်းရောင်းချနေသော “မြင့်မိုရ်ဦး” မိသားစုဆီစက်ပိုင်ရှင် ဦးရွှေလုံးမှ မိတ္ထီလာခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် လာရောက်တွေ့ဆုံ၍ ၎င်း၏ “မြင့်မိုရ်ဦး”မိသားစုအမှတ်တံဆိပ်တွင် ထည့်သွင်းဖော်ပြသွားမည့် ကုန်အညွှန်းအမှတ်အသားများသည် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှု ရှိ/မရှိနှင့် လိုအပ်ချက်များပြင်ဆင်နိုင်ရန် လာရောက်ဆွေးနွေးခဲ့ပြီး “မြင့်မိုရ်ဦး”မိသားစုမှထုတ်လုပ်သော မြေပဲဆီသန့်၊ နှမ်းဆီသန့်၊ နေကြာဆီသန့်နှင့် စားအုန်းဆီသန့်တို့အား ( ၁၀ ) ပိဿာပုံး၊ ( ၅ )ပိဿာပုံး၊ ( ၁ )ပိဿာပုံး၊ ( ၅၀ )ကျပ်သားဘူး၊ ( ၂၅ )ကျပ်သားဘူးများပေါ်၌ ဖော်ပြမည့်အမှတ်တံဆိပ်များတွင် စားသုံးသူကာကွ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့်ကိုက်ညီအောင် ပြန်လည်ပြင်ဆင်၍ လာရောက်လျှောက်ထားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 

မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂) သို့ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ဒီဇင်ဘာ ၉

            ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၂)၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂) သို့ မြန်မာ နိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြားခဲ့သည်။

          ကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် စားသုံးသူကာကွယ်ရေးဥပဒေတွင် စားသုံး သူအခွင့်အရေး ၈ ရပ်ကို ပြဋ္ဌာန်းထားသော်လည်း ယနေ့ခေတ်ကာလနှင့်အညီ ပြောင်းလဲတိုးတက် နေသည်နှင့်အမျှ စားသုံးသူအခွင့်အရေးများသည် တိုးတက်ကျယ်ပြန့်မှုများရှိလာကြောင်း၊ စားသုံး သူအခွင့်အရေးများသည် တိုးတက်ကျယ်ပြန့်လာသကဲ့သို့ တစ်ဖက်တွင်လည်း စားသုံးသူများလိုက် နာရမည့် တာဝန်များသည်လည်း ကျယ်ပြန့်လာသည်ကိုတွေ့ရှိရပါကြောင်း၊ သို့သော်လည်း မိမိနိုင်ငံ တွင် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူများလိုက်နာရမည့် တာဝန်များကို စားသုံးသူအများစုက သိရှိခြင်း မရှိသေးသည့်အတွက် စားသုံးသူအသိပညာပေးရေးကိစ္စများကိုလည်း ကော်မရှင်အနေဖြင့် ဦးစားပေးကဏ္ဍအနေဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စားသုံးသူရေးရာကော် မတီများကို ဖွဲ့စည်းထားရှိပြီး ဥပဒေအရ ကော်မတီများကို လုပ်ပိုင်ခွင့်များ အပ်နှင်းထားသဖြင့် အဆိုပါကော်မတီများအနေဖြင့် စားသုံးသူများနှင့် ထိတွေ့ဆက်ဆံမှု ပိုမိုများပြားသည်နှင့်အညီ ထိထိရောက်ရောက် ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များ ကို ဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံအနေဖြင့် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီနှင့်အတူ လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် လက်ရှိ ၂၀၂၂ ခုနှစ်တွင် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို မြန်မာနိုင်ငံက လွှဲပြောင်း တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ အဖွဲ့ဝင်များအနေဖြင့် စားသုံးသူအသိပညာပေးရေးကဏ္ဍ အပါအဝင် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားအတွက် ဆောင်ရွက်သင့်၊ ဆောင်ရွက်ထိုက်သော အစီအမံများကို အခါအားလျော်စွာ ဖော်ထုတ်ဆွေးနွေးကြစေလိုကြောင်း ဆွေးနွေးပြောကြားပါ သည်။

         ဆက်လက်၍ ယခင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ စားသုံးသူတိုင်ကြားမှုများနှင့်စပ်လျဉ်း၍ အယူခံဝင်ရောက်မှုအပေါ် ဆုံးဖြတ်ရန် ကိစ္စများ၊ ကော်မရှင်က အဆုံးအဖြတ်ပေးရမည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ကော်မရှင်အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ရှင်းလင်းတင်ပြခဲ့ရာ တင်ပြချက်များအပေါ် ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် ကော်မရှင်အဖွဲ့ဝင်များက ဆွေးနွေး၍ ဆုံးဖြတ်ချက်များချမှတ်ခဲ့သည်။ အဆိုပါအစည်းအဝေးသို့ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စု နယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

“သာစည်မြို့နယ် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ကျင်းပပြုလုပ်”

           မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူထုအခြေပြုဗဟိုဌာနခန်းမ ( Community Center )၌ ( ၇.၁၂.၂၀၂၂ )ရက်နေ့ နံနက် ( ၁၀း၀၀ )နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ 

            ဆွေးနွေးပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်သင်းသင်းက Talk Show အစီအစဉ်ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကိုရှင်းလင်းပြီး စားသုံးသူ‌ရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးသက်ချိုဦး( ဒု-ကြီးကြပ်ရေးမှူး )က စားသုံးသူရေးရာဦးစီးဌာန၏ မျော်မှန်းချက်ဖြစ်သည့် စားသုံးသူအခွင့်ရေးဦးစားပေးနှင့် ရည်မှန်းချက်တာဝန် ( ၃ ) ရပ်၊ ကုန်စည်( သို့ )ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ စားသုံးသူများ၏အခွင့်အရေးနှင့် အကျိုးစီးပွားတို့ကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် လုပ်ငန်းရှင်တို့အကြား မျှတမှုရှိအောင် ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်များ၊ စားသုံးသူတို့၏အခွင့်အ‌‌ရေး ( ၈ )ချက်နှင့် လိုက်နာဆောင်ရွက်မည့်တာဝန် ( ၄ )ရပ် ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန် ( ၁၁ )ချက် ၊ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းရန်အတွက် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ စျေးအတွင်း အစားအသောက်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန်များ၌  စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ပြည့်စုံမှုရှိ/မရှိ  စျေးကွက်စောင့်ကြည့်စစ်ဆးမှုများပြုလုပ်လျက်ရှိကြောင်းနှင့် ကုန်ပစ္စည်းများကိုဝယ်ယူရာတွင် သေချာကြည့်ရှုဝယ်ယူကြရန် အသိပေးရှင်းလင်းပြောကြားခဲ့ပါသည်။

         စားသုံးသူပြည်သူများအနေဖြင့် နစ်နာဆုံးရှုံးမှု တစ်စုံတစ်ရာရှိပါက စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူ သတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ ( CICC )ရုံးခန်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ‌ပေါက်ချောင်းရပ်၊ မိတ္ထီလာမြို့ 064 2223102 ၊ 064 2223093 သို့လည်းကောင်း၊ ကိုယ်တိုင်ဖြစ်စေ( သို့ ) DOCA Myanmar Application နှင့် www.doca.gov.mm တွင်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကယားပြည်နယ် ကုန်သည်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

          စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှုးရုံးမှ ပြည်နယ်ဦးစီးမှူးသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ( ၇ )ရက်နေ့ ၊ နေ့လယ် ( ၁၄:၀၀ )နာရီအချိန်တွင် လွိုင်ကော်မြို့၊ ကယားကြီးပွားကုမ္ပဏီလီမီတက်၊ အစည်းအဝေးခန်းမ၌ ပြည်နယ်အတွင်း ကူးသန်းရောင်းဝယ်ရေး၊ ဈေးနှုန်းဈေးကွက်အခြေအနေနှင့်စပ်လျဉ်း၍ ကယားပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်( ၁၆ ) ဦးတို့နှင့် တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးက စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့်စပ်လျဉ်း၍ ဌာနမှဆောင်ရွက်ပေးနေသည့် ကိစ္စရပ်များအားလည်းကောင်း၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနမှ ဆောင်ရွက်ပေးနေရသည့်အခြေအနေများကိုလည်းကောင်း၊ ပြည်နယ်အတွင်း စီးပွားရေးဆိုင်ရာအသင်းအဖွဲ့များ သက်ဝင်လှုပ်ရှားမှုရှိစေရန် အသင်းအဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်ရသည့်အတွက် ရရှိသည့်အကျိုးကျေးဇူးများကိုလည်းကောင်း၊ ပြည်နယ်အတွင်း စက်မှုထုတ်ကုန်၊ စိုက်ပျိုးရေးထုတ်ကုန်များ အရည်အသွေးမြင့်မားစွာဖြင့် တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ မျိုးကောင်းမျိုးသန့်များဖြင့် စိုက်ပျိုးထုတ်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးတို့အတွက် အသိပညာပေးနေမှုများအားလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပြည်နယ်ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာအစိုးရဌာန၊ ကုန်သည်၊ လုပ်ငန်းရှင်၊ အသင်းအဖွဲ့များ ဝိုင်းဝန်းပူးပေါင်း၍ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်းနှင့် ဌာနအနေဖြင့် လိုအပ်သောအချက်အလက်များကို   လိုအပ်သလို  ပူးပေါင်းကူညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ရာ တက်ရောက်လာသောလုပ်ငန်းရှင်များကလည်း လတ်တလောဒေသအခြေအနေအရ ကုန်သွယ်ရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများအားလုံးကို ဆောင်ရွက်ရာတွင် အခက်အခဲရှိပါကြောင်း၊ ကူးသန်းရောင်းဝယ်မှုပြုရာတွင် ပိုမိုခက်ခဲပါကြောင်း၊ ဒေသထွက်ကုန်များလည်း လျော့နည်းလာပါကြောင်း၊ နိုင်ငံရေးနှင့် စီးပွားရေးသည် ချိတ်ဆက်ပါကြောင်း၊ ပြည်နယ်တည်ငြိမ်အေးချမ်းမှုရှိမှသာ စီးပွားရေးဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် စိတ်ဆန္ဒရှိသော်လည်း လက်ရှိအခြေအနေအရ ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်နယ်၏စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် အစိုးရဌာန၊ အသင်းအဖွဲ့များနှင့် မိမိတို့စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်သွားမည်ဟု အသီးသီးပြန်လည်ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ