ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ကော်မတီ တတိယအကြိမ် ၃/၂၀၂၀ အစည်းအဝေးကျင်းပခြင်း

Powered by Drupal

        ဧရာတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးတွင် ဧရာတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ၏ တတိယအကြိမ် ၃/၂၀၂၀ အစည်းအဝေးကို ၁၉.၈.၂၀၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီဥက္ကဌ ဦးဌေးဝင်း၊ ဒုဥက္ကဌ ဦးဝင်းမြင့်၊ တိုင်းဦးစီးမှူး အတွင်းရေးမှူး ဦးစိုးအောင်၊ စားသုံးသူရေးရာကော်မတီဝင်များ၊ ဒုတိယညွှန်ကြားရေးမှူးနှင့် ဌာနခွဲမှူးများ စုစုပေါင်း (  ၂၃ ) ဦး တက်ရောက်ခဲ့ပါသည်။

          အဆိုပါအစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ ဥက္ကဌ ဦးဌေးဝင်းက  စားသုံးသူရေးရာကော်မတီအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာအစိုးရဌာန၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ကုန်ပစ္စည်းအမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဥပဒေပြဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်းများ စိစစ် တွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ(၇၃) အရ အရေးယူဆောင်ရွက်မည့်အပြင် ထပ်မံစိစစ်တွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် စားသုံးသူအငြင်းပွားမှုများဖြေရှင်းရာတွင် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများ၏ အကြံဉာဏ်များ ရယူ၍ တိုင်းဦးစီးမှူးက အရေးယူဆောင်ရွက်လျှက်ရှိရာ စားသုံးသူတိုင်ကြားမှု စုစုပေါင်း (၅၂) မှုအနက် (၄၉) မှုကို ဖြေရှင်းနိုင်ခဲ့ပြီး ကျန်(၃)မှုမှာ ဖြေရှင်းဆောင်ရွက်ဆဲဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ပြဌာန်းခဲ့သော စားသုံးသူကာကွယ်ရေးဥပဒေသစ်အရ ဧရာဝတီတိုင်းဒေသကြီးအတွင်း  (၁၈.၈.၂၀၂၀) ရက်နေ့ထိ ခရိုင်/မြို့နယ်များမှ ဒေသထွက်ကုန်များအပေါ် ကုန်ပစ္စည်းအမျိုးအစားအလိုက်  ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုများနှင့်ပတ်သက်၍ ကုန်အမှတ်တံဆိပ် (၁၂၂၅) ခု ကို ရုံးချုပ်သို့ တင်ပြခဲ့ရာ (၁၁၆၂) ခု ခွင့်ပြုချက်ကျပြီး (၆၃)ခုမှာ စိစစ်ဆောင်ရွက်ဆဲဖြစ်သည်ကို သိရှိခဲ့ရကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက် နှင့်စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ် ဇွန်လ မှ (၁၈.၈.၂၀၂၀) ရက်နေ့ အထိ ကုန်စည်အမျိုးအစား(၄၀) ခု ကို “သတိပေး” အရေးယူဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းသည် နိုင်ငံသားအားလုံးနှင့် သက်ဆိုင်ခြင်းဖြစ်သောကြောင့် အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် သက်ဆိုင်ရာအစိုးရဌာန၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဆိုပါက စားသုံးသူကာကွယ်ရေးလုပ်ငန်းများသည် အောင်မြင်သော လုပ်ငန်းစဉ်ကြီးတစ်ရပ် ဖြစ်လာမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန