ကလေးဝမြို့ဒေသထွက် အစားအစာ ဇီးဖျော်ရည်

Powered by Drupal

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်းရှိ ကလေးဝမြို့မှ ထွက်ရှိသည့် ဇီးဖျော်ရည်နှင့် မန်ကျည်းဖျော်ရည်သည် ဒေသထွက်အစားအစာအဖြစ် လူကြိုက်များ နာမည်ကြီး လှပါသည်။

    ကလေးဝမြို့၊ အမှတ် ( ၂ ) ရပ်ကွက်မှ ထုတ်လုပ်ရောင်းချလျက်ရှိသည့် ဇီးဖျော်ရည် လုပ်ငန်းရှင် ဒေါ်သီတာထံသို့ (၂၅.၁.၂၀၂၃)ရက်နေ့တွင် သွားရောက်၍ ဇီးဖျော်ရည်ထုတ်လုပ်ပုံအဆင့်ဆင့်နှင့် ရောင်းဝယ် ဖောက်ကားမှု အခြေအနေများကို လုပ်ငန်းရှင်နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

    တွေ့ဆုံမေးမြန်းရာတွင် မိမိအနေဖြင့် ဇီးသီးများကို ဇန်နဝါရီလမှစ၍ စတင်စုဆောင်း ရပါကြောင်း၊ ဇီးသီးကုန်ကြမ်းများကို ကလေးဝမြို့နယ်များဖြစ်သည့် ကျော်ဇင်ကျေးရွာ၊ ကျွဲနံကျေးရွာများမှထွက်ရှိသည့် ဇီးချဉ်သီးများကို ဝယ်ယူရရှိပါသည်။ သကြားများကို  ကလေးမြို့မှ တဆင့် ဝယ်ယူ၍ အသုံးပြုရပါသည်။

    ကျိုချက်ရာတွင် ဇီးသီးများကို ရေစိမ်၍ စနစ်တကျဖြင့် စင်အောင်ဆေးကြောပြီးနောက် အနှစ်ကျသည်ထိ ကျိုချက်ပြီးနောက် သကြား၊ ဆားများကို သင့်တင့်ရုံထည့်ကြိုပြီး အအေးခံ၍ ပုလင်းများအတွင်း ထည့်သွင်းရောင်းချပါကြောင်း၊ ဇီးဖျော်ရည်ပုလင်းများကို ကလေးဝမြို့တွင်းနှင့် ကလေးမြို့၊ မုံရွာမြို့၊ မန္တလေးမြို့များသို့ ဒေသထွက်ဇီးဖျော်ရည်များကို လက်ဆောင်များအဖြစ် တင်ပို့ ရောင်းချလျက်ရှိပါကြောင်းနှင့် ဇီးဖျော်ရည် တစ်ပုလင်းလျှင် ( ၄၀၀၀ - ၅၀၀၀ ) ကျပ်ခန့် ပေါက်ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

     ဒေါ်သီတာအနေဖြင့် ဇီးဖျော်ရည်လုပ်ငန်းသည် နှစ်စဉ်ဝင်ငွေရရှိနေသော လုပ်ငန်း ဖြစ်ကြောင်းနှင့် မိရိုးဖလာ အိမ်တွင်းလက်မှု  တပိုင်တနိုင်လုပ်ငန်းဖြစ်သောကြောင့် စဉ်ဆက်မပြတ် ဇီးဖျော်ရည်များကို ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။ ဇီးသီး ( ၂ ) တင်းခွဲလျက် ဇီးဖျော်ရည် ပုလင်း ( ၃၀ ) ရရှိပြီး တစ်နှစ်လျှင် ဇီးဖျော်ရည် ပုလင်းပေါင်း ( ၃၀၀၀ မှ ၅၀၀၀ ) ခန့်ထိ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)