
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဆီထွက်သီးနှံ ဖြစ်သည့် နှမ်းကို မိုးနှမ်း၊ နွေနှမ်း၊ ဆောင်းနှမ်းဟူ၍ စိုက်ပျိုးလေ့ရှိရာ မိုးနှမ်းကို အဓိကထား စိုက်ပျိုးသည်။ နှမ်းသီးနှံကို ပဲစဉ်းငုံသီးနှံနှင့်ကြားညှပ်စိုက်ပျိုးမှုပိုမိုစိုက်ပျိုးမှုများပါသည်။ ၂၀၂၆-၂၀၂၇ ခုနှစ်တွင် မိုးနှမ်းကိုစိုက်ပျိုးရန်လျာထားမှုအနေဖြင့်(၁၂၂၆၅၁)ဧကဖြစ်ပြီး၊ စိုက်ပျိုးမှု မှာ(၁၃၄၄၉၅)ဧက စိုက်ပျိုးခဲ့ပြီး ရိတ်သိမ်းဧကအနေဖြင့်(၁၃၄၄၉၅)ဧက အထွက်နှုန်းမှာ(၅.၀၄)တင်း နှုန်းထွက်ရှိခဲ့သည်။ အထွက်တင်းစုစုပေါင်းမှာ (၆၇၇၈၅၅)တင်း ထွက်ရှိခဲ့သည်။ နွေနှမ်းစိုက်ပျိုးရန်လျာထား မှု(၂၀၀၀) ဧကရှိပါသည်။ ထွက်ရှိသောနှမ်းများကို ကျောက်ပန်းတောင်းမြို့နှင့် ထိစပ်လျက်ရှိသော ကျေးရွာများမှ မြို့ပေါ်ရှိပွဲရုံများနှင့်ဆီစက်များသို့ လာရောက်ရောင်းချကြပါသည်။
၂၀၂၅-၂၀၂၆ ခုနှစ်၊ အောက်တိုဘာလတွင် နှမ်းဖြူတစ်တင်းလျှင်(၉၈၀၀၀)ကျပ်၊ နှမ်းနီ တစ်တင်းလျှင်(၈၅၀၀၀)ကျပ်နှင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။၂၀၂၆-၂၀၂၇အောက်တိုဘာပထမပတ်တွင်နှမ်းဖြူတစ်တင်းလျှင်(၁၆၅၀၀၀)ကျပ်၊နှမ်းနီတစ်တင်းလျှင် (၁၅၅၀၀၀) ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။
၂၀၂၆-၂၀၂၇ ခုနှစ်တွင် ကျောက်ပန်းတောင်းမြို့နယ်၏ နှမ်းတစ်ဧကကုန်ကျစရိတ်အနေဖြင့် (၇၄၆၀၀၀)ကျပ်ဝန်းကျင်ကျသင့်ပြီး တစ်ဧကပျမ်းမျှအထွက်တင်းမှာ(၅.၀၄)တင်းနှုန်းထွက်ရှိခဲ့သည်။နှမ်းဖြူတစ်တင်းလျှင်(၁၆၅၀၀၀)ကျပ်နှုန်းရောင်းချခဲ့ရပြီးတစ်ဧကဝင်ငွေ (၈၃၁၆၀၀) ကျပ် နှုန်း ရရှိ၍ မိုးနှမ်းတစ်ဧကတောင်သူအကျိုးအမြတ်မှာ(၈၅၆၀၀)ကျပ်ရရှိခဲ့သည်။ ဒေသထွက်နှမ်းများကို မြို့ပေါ်ရှိ ပွဲရုံများ၊ ဆီစက်များသို့ လာရောက်ရောင်းချကြသဖြင့် ဆီကြိတ်ခွဲသုံးစွဲမှု ပိုမိုများပြားလာသည်။ တောင်သူအကျိုးအမြတ်ရရှိသော ဆီထွက်သီးနှံနှမ်းကို ပိုမိုစိုက်ပျိုးပြီး ပြည်ပသို့ရောင်းချမှုမပြုဘဲ ပြည်တွင်း၌သုံးစွဲခြင်း၊ ဆီကြိတ်ခွဲရောင်းချခြင်း များပြုလုပ်ပါက ဒေသတွင်းဆီစားသုံးမှုဖူလုံလာခြင်း၊ တိရစ္ဆာန်အစားအစာများပေါများလာခြင်း၊ ဒေသတွင်းလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေခြင်းအပြင် ဘေးအန္တရာယ်ကင်းသောဆီများစားသုံးရခြင်းကြောင့်ကျန်းမာရေးများညီညွတ်ကောင်းမွန်လာစေခြင်းစသည့်အကျိုးကျေးဇူးများရရှိစေသည့်အတွက် အကျိုးကျေးဇူးများ စွာရရှိစေသော ဆီထွက်သီးနှံနှမ်းကို ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပါ ကြောင်း လေ့လာသိရှိရပါသည်။
DOCA(မန္တလေး)
