
ကြက်သွန်ဖြူသည် မြန်မာ့ဟင်းလျာများတွင် မပါမဖြစ်သော အဓိက စားဖိုဆောင်သီးနှံ တစ်ခုဖြစ်သည်။ ဟင်းချက်ရာတွင် အနံ့အရသာ ပိုမိုကောင်းမွန်စေရန် ဆီသတ်ရာ၌ သုံးစွဲကြသလို အသုပ်မျိုးစုံနှင့် အသား၊ ငါး ချက်ပြုတ်ရာတွင်လည်း မရှိမဖြစ် ထည့်သွင်းအသုံးပြုရသည့် သီးနှံဖြစ်ပါသည်။ အဆိုပါ စားဖိုဆောင်သီးနှံသည် ဟင်းခတ်အမွှေးအကြိုင်အဖြစ်သာမက တိုင်းရင်းဆေး တို့တွင်လည်း အအေးမိ၊ နှာစေးနှင့်အစာမကြေရောဂါများအတွက် ထည့်သွင်းအသုံးပြုသည့် ဆေးဖက်ဝင်သီးနှံဖြစ်၍ ကျန်းမာရေးနှင့်ညီညွတ်သောကြောင့် လူအများကြိုက်နှစ်သက်ကြပါသည်။
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်သို့ ကြက်သွန်ဖြူများမှာ အဓိကအားဖြင့် ယောနယ်ဒေသနှင့် ရှမ်းပြည်နယ် တို့မှ ဝင်ရောက်လျက်ရှိသည်။ ကြက်သွန်ဖြူဈေးနှုန်းများမှာ အမျိုးအစားနှင့် အရွယ်အစားကိုလိုက်၍ ကွာခြားမှုရှိပြီး ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (ဒုတိယပတ်) တွင် ကြက်သွန်ဖြူဒိုင်ပြတ်ဈေးမှာ တရုတ် ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် ကျပ်(၁၀၀၀၀-၁၂၂၅၀)၊ ဗမာကြက်သွန်ဖြူ (ထိပ်စ) တစ်ပိဿာလျှင် ကျပ်(၁၃၀၀၀-၁၄၀၀၀)၊ ရှမ်းကြက်သွန်ဖြူ (ထူး- ၂ မှ ထူး -၅)အလိုက် တစ်ပိဿာလျှင် ကျပ်(၅၀၀၀-၉၅၀၀)၊ ပခုက္ကူဒေသထွက် ကြက်သွန်ဖြူ တစ်ပိဿာလျှင် ကျပ်(၄၀၀၀ - ၅၀၀၀) ဈေးဖြင့် ပစ္စည်းအရည်အသွေးနှင့် အခြောက်/အစိုပေါ်မူတည်၍ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ယခင်တစ်ပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ကြက်သွန်ဖြူ တစ်ပိဿာလျှင် ကျပ်(၇၅၀-၁၅၀၀)ခန့် ဈေးမြင့်တက်လာကြောင်း တွေ့ရှိရပါသည်။
ယခင်နှစ်က တောင်သူများက ကြက်သွန်ဖြူ စိုက်ပျိုးဧကများကို လျှော့ချခဲ့သဖြင့် ယခုနှစ်တွင် အထွက်နှုန်း လျော့ကျသွားပြီး ဈေးကွက်အတွင်း ကုန်အဝင်နည်းကာ ဈေးနှုန်းမြင့်တက်လာခြင်း ဖြစ်သည်။ ပြည်တွင်းစားသုံးမှု လိုအပ်ချက်အရ တင်သွင်းနေရသည့် တရုတ်ကြက်သွန်ဖြူ (ကြူကုတ်) များသည် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း အခက်အခဲများကြောင့် ကုန်ကျစရိတ် ပိုမို များပြား လာခြင်းဖြစ်သည်။ လက်ရှိကာလသည် ကြက်သွန်ဖြူအဟောင်းများ ကုန်လုနီးပါးဖြစ်နေသည့် ကာလဖြစ်ပြီး ကြက်သွန်ဖြူအသစ်များ ဈေးကွက်ထဲသို့ အမြောက်အများဝင်ရောက်လာခြင်းမရှိသေးသည့် ရာသီချိန်ဖြစ်သောကြောင့် ကုန်ပစ္စည်းရှားပါးပြီး ဈေးတက်ရခြင်းဖြစ်သည်။ ကြက်သွန်ဖြူသည် နေ့စဉ် မပါမဖြစ်သော စားဖိုဆောင်သီးနှံဖြစ်၍ ပြည်တွင်းစားသုံးမှု ဝယ်လိုအား အမြဲရှိနေသောကြောင့် ဈေးမြင့်တက်ခြင်းဖြစ်ကြောင်း ကြက်သွန်ဖြူဈေးကွက်မှ သိရှိရပါသည်။
DOCA(မကွေး)
