
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူကုန်စည်ဒိုင်သို့ ဝင်ရောက်လာသော စွန်တာနီပဲများသည် ပခုက္ကူဒေသ ပတ်ဝန်းကျင်နှင့် အညာဒေသရှိ မြစ်ကမ်းပါး၊ ကိုင်း/ကျွန်းမြေများမှ အဓိက ဝင်ရောက်လာခြင်းဖြစ်သည်။ ဧရာဝတီမြစ်ဝှမ်းတစ်လျှောက်ရှိ ကိုင်းကျွန်းဒေသများမှ မြစ်ရေကျချိန်တွင် စိုက်ပျိုးထွက်ရှိပြီး ပခုက္ကူ ဈေးကွက်သို့ ဝင်ရောက်လာခြင်းဖြစ်ပါသည်။ လက်ရှိ စက်တင်ဘာလသည် စွန်တာနီပဲ အသစ် စိုက်ပျိုးသည့် ရာသီဖြစ်ပြီး ကုန်စည်ဒိုင်သို့ ပဲအဝင်နည်းပါးချိန်ဖြစ်၍ ဈေးနှုန်းများမှာ အပြောင်းအလဲရှိပါသည်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (စတုတ္ထပတ်)တွင် စွန်တာနီ (ကျွန်း) တစ်တင်းလျှင် (၈၅၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင်လ(ဩဂုတ်လ)တွင် တစ်တင်းလျှင် (၈၁၀၀၀)ကျပ် ဈေးပေါက်ခဲ့သဖြင့် ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်တင်းလျှင် (၄၀၀၀)ကျပ်ခန့် ဈေးမြင့်တက်ကြောင်း တွေ့ရပါသည်။
ပခုက္ကူကုန်စည်ဒိုင်တွင် ပဲလက်ကျန်နည်းပါးပြီး ပစ္စည်းပြတ်လပ်ချိန်ဖြစ်ခြင်း၊ ပြည်ပဝယ်လိုအား အားကောင်းခြင်း၊ သယ်ယူစရိတ်ကြီးမြှင့်ခြင်း၊ ပြည်တွင်းစားသုံးမှုအတွက် မုန့်လုပ်ငန်းရှင်များနှင့် လှောင်လက်ကုန်သည်များက ဝယ်ယူစုဆောင်းခြင်းတို့ကြောင့် ဈေးမြင့်တက်ခြင်းဖြစ်သည်။
လက်ရှိတွင် စွန်တာနီပဲကို ကိုင်းကျွန်းမြေများတွင် စတင်စိုက်ပျိုးနေပြီဖြစ်ရာ ရာသီဥတုမျှတပြီး မြစ်ရေကျဆင်းမှု မှန်ကန်ပါက လာမည့်နှစ်တွင် အထွက်နှုန်းကောင်းမွန်နိုင်ပါသည်။ စွန်တာနီသည် ပြည်ပပို့ကုန် (တရုတ်)သို့ တင်ပို့မှုရှိသကဲ့သို့ ပြည်တွင်း မုန့်ပဲသရေစာလုပ်ငန်းများ တွင်လည်း အသုံးများသဖြင့် ပဲသစ်ပေါ်ချိန်အထိ လက်ရှိဈေးတန်းအတိုင်း ခိုင်မာစွာဆက်ရှိနေနိုင်သည်ဟု ကုန်သည်များ၏ သုံးသပ်ချက်အရ သိရှိရပါသည်။
DOCA(မကွေး)
