
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်သည် ဆီထွက်သီးနှံဖြစ်သော မြေပဲကို အဓိကအားထား စိုက်ပျိုးသော ဒေသတစ်ခုဖြစ်ပါသည်။ ဧရာဝတီမြစ်ကမ်းဘေးရှိ မြစ်ရေဝင် မြေနု ကျွန်းမြေများဖြစ်သော ကုက္ကိုလှရွာ၊ ကျွန်းညိုကြီးရွာ၊ သံပရာပင်ကုန်းရွာ၊ မြင်းကျွန်းရွာ၊ ကျွန်းညိုရွာ၊ မှိုက်ပင် ကုန်းရွာတို့သည် မိုးမြေပဲ၊ ဆောင်းမြေပဲများကို လှိုင်လှိုင်စိုက်ပျိုးကြသည်။ မြစ်ခြေနှင့် ကမ္မ မြို့အတွင်းရှိ ကျေးရွာများတွင် မိုးမြေပဲ၊ ဆောင်းမြေပဲနှင့် သုံးလမြေပဲများကို စီးပွားဖြစ် အမြောက် အမြား စိုက်ပျိုးကြပြီး ပခုက္ကူကုန်စည်ဒိုင်/ပွဲရုံများသို့ မြေပဲတောင့်များအဓိက အများဆုံးလာရောက် ရောင်းချသော ဒေသများဖြစ်ပါသည်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာ(ဒုတိယပတ်)တွင် ပခုက္ကူကုန်စည်ဒိုင်နှင့် ပွဲရုံဈေးကွက်သို့ ဝင် ရောက်လာသော မြေပဲတောင့်ဈေးနှုန်းမှာ အမျိုးအစားနှင့် အရည်အသွေးပေါ်မူတည်၍ တစ်ပိဿာ လျှင် (၄၇၀၀ - ၆၀၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်တစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက (၁၀၀၀)ကျပ်ဝန်းကျင်ခန့် ဈေးအနည်းငယ်မြင့်တက်လျက်ရှိပြီး မြေပဲဆံ တစ်ပိဿာ လျှင် (၁၁၀၀၀ မှ ၁၄၂၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။
ဈေးကွက်သုံးသပ်ချက်
ပခုက္ကူဈေးကွက်သို့ ယခု ဝင်ရောက်နေသော မြေပဲများမှာ မိုးမြေပဲ (ပဲသစ်)များ မဟုတ်သေး ဘဲ ယခင်ရာသီက ကျန်ရှိနေသည့် ဆောင်းမြေပဲ/စကမြေပဲ (ပဲဟောင်း)များသာဖြစ်သည်။ လက်ရှိ စက်တင်ဘာလသည် မိုးမြေပဲများ ရိတ်သိမ်းရန် လိုနေသေးသည့်အချိန်ဖြစ်၍ ဈေးကွက်အတွင်း ပဲလက်ကျန် နည်းပါးနေချိန်ဖြစ်သည်။ ပြည်တွင်းစားသုံးဆီ လိုအပ်ချက်ကြောင့် ပခုက္ကူမြို့ပေါ်ရှိ ဆီစက်များနှင့် ဆုံဆီလုပ်ငန်းများက မြေပဲဆံကို အဝယ်လိုက်ခြင်းကြောင့် ပဲဈေးနှုန်းများမြင့်တက် နေခြင်း ဖြစ်သည်။
ဈေးကွက်အလားအလာ
ပဲသစ်များ လှိုင်လှိုင်ပေါ်လာချိန် ဈေးနှုန်းအနည်းငယ်ပြန်အေးသွားနိုင်သော်လည်း ပြည်တွင်း စားသုံးသူများ၏ မြေပဲဆီသန့် စားသုံးမှု မြင့်တက်လာခြင်းနှင့် ဒေသတွင်းဝယ်လိုအား ကောင်းမွန်မှု တို့ကြောင့် စိုက်ပျိုးတောင်သူနှင့်ကုန်သည်များအနေဖြင့် လက်ရှိအချိန်တွင် ပဲဟောင်းလက်ကျန် နည်းပါးနေခြင်းက ဈေးဆက်လက်မြင့်တက်နိုင်ကြောင်း ကုန်သည်များ၏ သုံးသပ်ချက်အရ သိရ ပါသည်။
DOCA(မကွေး)
