
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန (DOCA) မှ ဦးဆောင်၍ ပြည်သူများ၊ ကျောင်းသားကျောင်းသူများနှင့် လုပ်ငန်းရှင်များအတွက် စားသုံးသူအခွင့် အရေးနှင့် တာဝန်များ၊ နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်ချေများကို ကျောင်းများ၊ ရပ်ကွက်များနှင့် အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြောပွဲများကို မြို့နယ်အသီးသီး၌ ပုံမှန်ကျင်းပပြုလုပ်ပေးလျက်ရှိသည်။
(၁၈-၈-၂၀၂၆) ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ် မဲဇလီဒလ ကျေးရွာအုပ်စုရှိ မဲဇလီအထက်တန်းကျောင်း၌ လူငယ်များအနေဖြင့် ဗဟုသုတနှင့် အသိပညာများ ပိုမိုရရှိစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းနှင့် အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူငယ်စကားဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တို့မှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်၍ လူငယ်များနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ စားသုံးသူရေးရာဦးစီးဌာနမှ ညောင်တုန်းမြို့နယ် တာဝန်ခံ ဒေါ်ချိူမီဇင် ကအသိပညာပေးဟောပြောရာစားသုံးသူရေးရာဦးစီး ဌာန ပေါ်ပေါက်လာ ပုံ အဆင့်ဆင့်အကြောင်း၊ ကမ္ဘာ့စားသုံသူအခွင့်အရေးများနေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ် ဖွင့်ဆိုချက်၊ စားသုံးသူကာကွယ် ရေး၏ အဓိပ္ပါယ်ဖွင့်ဆိုချက် စားသုံးသူအကာကွယ်ပေးရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် အညီ ပြည့်စုံစွာ ထည့်သွင်းဖော်ပြထားသော ကုန်စည်များတွင် အမျိုးအမည်၊ အရွယ်အစား အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုး၊ ကြိုတင်သတိပေချက်၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ စသည့် အချက်အလက်များ ပြည့်စုံစွာ ထုတ်လုပ် ဖြန့်ဖြူး ရောင်းချသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူ စားသောက် အသုံးပြုတတ်ရန်တို့ကိုရှင်းလင်းပြီး ထို့ အပြင် စားသုံးသူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများ ကြုံတွေ့ရပါက သက်ဆိုင်ရာဌာနများထံ တိုင်ကြားနိုင်ကြောင်းနှင့် စားသုံးသူရေးရာ Call Center (1535) သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်း အသိပညာပေး ပြောကြားခဲ့သည်။
အဆိုပါ လူငယ်စကားဝိုင်းနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ (၅၁၂) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)
