
၂၀၂၆ခုနှစ် ၊ စက်တင်ဘာလ ၁၀ ရက်နေ့ ၁၀း၀၀နာရီအချိန်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကချင်ပြည်နယ်စာသုံးသူရေးရာကော်မတီ၏ (၃/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ (စီမံကိန်း စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး) ဦးဆောင်၍ ကချင်ပြည်နယ် စားသုံးသူရေးရာကော်မတီ အဖွဲ့ဝင်များ ဖြစ်သည့် ကချင်ပြည်နယ်ဥပဒေချုပ်ရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် ကချင်ပြည်နယ် စားသုံးသူ ရေးရာကော်မတီ အတွင်းရေးမှူး ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန (ပြည်နယ်ဦးစီးမှူး)တို့က အစည်းအဝေးသို့ တက်ရောက်ကြပါသည်။
ကချင်ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ (စီမံကိန်း၊စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး) က အဖွင့်အမှာစကားပြောကြားရာတွင် ကချင်ပြည်နယ်အနေဖြင့် ကော်မရှင်၊ ကော်မတီအဖွဲ့များ ဖွဲ့စည်း ထားရှိပြီး အဆိုပါကော်မတီများအနေဖြင့် သက်ဝင်လှုပ်ရှားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနတစ်ခုတည်း ဆောင်ရွက်၍မရဘဲ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရသဖြင့် ထိထိရောက်ရောက် ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ (၂/၂၀၂၆) ကြိမ်မြောက် ကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်ချက် (၉)ချက် ချမှတ်ခဲ့ပြီး စားသုံးသူရေးရာ ကော်မတီနှင့် စားသုံးသူရေးရာဦးစီးဌာနတို့က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် “စားသုံးသူအခွင့်အရေးဦးစားပေး” ဟူသည့် ဆောင်ပုဒ် နှင့်အညီ စားသုံးသူနစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၆ ခုနှစ် ဩဂုတ်လအတွင်း သောက်ရေသန့်ဘူး ဝယ်ယူခြင်းနှင့် ပတ်သက်၍ တိုင်ကြားမှုကို တိုင်ကြားသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား စေ့စပ်ညှိနှိုင်းဖြေရှင်း ခြင်းနည်းလမ်းဖြင့် ဖြေရှင်း ဆောင်ရွက်ခဲ့သည့် အတွက် ဂုဏ်ယူပါကြောင်း၊ စားသုံးသူရေးရာ ကော်မတီဝင်များအနေဖြင့် စားသုံးသူရေးရာကဏ္ဍနှင့် ပတ်သက်၍ တက်တက်ကြွကြွ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်နှင့် ကြိုးစားဆောင်ရွက်စေလို ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့အပြင် ကချင်ပြည်နယ် စားသုံးသူရေးရာကော်မတီအတွင်းရေးမှူးက ၂၀၂၆ ခုနှစ် မေလမှ ဩဂုတ်လအထိ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့မှု အခြေအနေများကိုအမှာစာဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍ ကချင်ပြည်နယ် စားသုံးသူရေးရာကော်မတီ အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍ အလိုက် အသီးသီးဆွေးနွေးခဲ့ကြပြီး ကချင်ပြည်နယ်စားသုံးသူရေးရာ ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ် စကားပြောကြားခဲ့ပြီး အစည်းအဝေးပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကချင်)
