
ကချင်ပြည်နယ်အတွင်း ဆန်စပါးဈေးနှုန်းများသင့်တင့်မျှတစွာဖြင့် တည်ငြိမ်စေရေး ဆန်ဈေးနှုန်း တည်ငြိမ်စေရေးအတွက် ၂၇-၈-၂၀၂၆ ရက်နေ့တွင် ခရိုင်ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဦးဝင်းသိန်းဦး (စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်တာဝန်ခံ) ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆန်စပါးကုန်သည်များအသင်းတို့သည် မိုးညှင်းမြို့ ရှိ ဆန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၊ အတွင်းရေးမှူးက လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဆန်အိတ်များ အလေးချိန် အချင်အတွယ်မှန်ကန်စေရေး၊ ဈေးနှုန်းအနေဖြင့်လည်း ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းဖြင့်သာ ရောင်းချစေရေး၊လတ်တလောကာလ၌ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင်း ကုန်စည်စီးဆင်းမှု နှောင့်နှေးကြန့်ကြာမှုအပေါ် အခွင့်ကောင်းယူ၍ ဈေးကစားရန် ရည်ရွယ်ပြီး သိုလှောင်မှုမရှိစေရေး အလေးထားလိုက်နာဆောင်ရွက်သွားရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ရှိရှိဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုများဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် သတ်မှတ်ချက်နှင့်ကိုက်ညီမှုရှိသော သိုလှောင်ရုံများအား MyRoစနစ်တွင် မှတ်ပုံတင်နိုင်ရေးဆောင်ရွက်ရန် လုပ်ငန်းရှင်များအား အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကချင်)
