
ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊တောင်ငူမြို့နယ်ရှိ ဒေသခံတောင်သူများ ရုံးပတီစိုက်ပျိုး ခြင်းဖြင့် ဝင်ငွေတိုးစေရန် ရုံးပတီသီးဝယ်ယူမည့် ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ ကြသည်။ တောင်ငူခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ၊ တောင်ငူမြို့နယ် စီမံခန့်ခွဲ ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလည်း တွေ့ဆုံပွဲသို့ တတ်ရောက် အားပေး စကားပြော ဆောင်ရွက်ကြသည်။ ကုမ္ပဏီတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ ရုံးပတီသီးအကျိုးတူ စိုက်ပျိုးရန် တွေ့ဆုံ ဆွေးနွေး အသိပညာပေးခြင်းလုပ်ငန်းဆောင်ရွက်ခြင်းကို တောင်ငူမြို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်ကြသည်။
တောင်ငူမြို့နယ် ဆင်ဆိပ်ကျေးရွာအုပ်စုရှိ တောင်သူများသည် ခပေါင်းချောင်းဘေးတွင် နေထိုင်၍ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြသည်။ ရုံးပတီစိုက်ပျိုးရန် သင့်တော်သော မြေခံ၊ ရေခံကောင်းများလည်း ရှိနေသည့်အတွက် ဆင်ဆိပ်ကျေးရွာအုပ်စုရှိ ဇီးပင်သာရွာ၊ ပေါင်းလောင်းတိန်ရွာများ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်နေသည့် စိတ်ပါဝင်စားသူ တောင်သူကြီးများနှင့်တွေ့ဆုံပွဲတွင် စိတ်ပါဝင်စားစွာ တတ်ရောက်ဆွေးနွေးကြသည်။
Nilar Frozen Foods ကုမ္ပဏီမှ ကုန်ကြမ်းဝယ်ယူရေးဌာန၊ မန်နေဂျာသည် ရုံးပတီသီးနှံစိုက်ပျိုးမည့် တောင်သူများအား ပံ့ပိုးပေးမည့် အစီအစဉ်များ၊ ဝယ်ယူမည့် ရုံးပတီသီး ဈေးနှုန်းသတ်မှတ်ချက်၊ငွေပေးချေမှု အစီအစဉ်၊ သီးနှံစိုက်တောင်သူများလိုက်နာဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများ၊သွင်းအားစု ပံ့ပိုးမှုများကို စာချုပ်ပါသတ်မှတ်ထားသည့် ဧရိယာနှင့်လုပ်ငန်းများ တွင်သာ အသုံးပြုရန် ရှင်းလင်းပြောကြားသည်။ ရုံးပတီစိုက်ပျိုးသည့် တောင်သူများ လိုအပ်သည် များကို ကူညီပေးနိုင်ရန် စိုက်ပျိုးရေးပညာရှင် (၂)ဦးကိုလည်း ကျေးရွာတွင်ထားရှိမည့် သတ်မှတ်ချက် နှင့် ကိုက်ညီသည့် 6-9 cm Size ရုံးပတီသီး တစ်ပိဿာ ၃၀၀၀ကျပ်ဖြင့်လည်းကောင်း၊ 9-13cm size ရုံးပတီသီးတစ်ပိဿာ ၁၆၀၀ ကျပ်ဖြင့် ရုံးပတီ သီးစိုက်ပျိုးရေးနှင့် ဝယ်ယူရောင်းချရေးအတွက် နှစ်ဘက်သဘောတူညီမှု ကတိစာချုပ်ဖြင့် ဝယ်ယူသွားမည်ဟု သိရသည်။ တစ်ဧကကုန်ကျစရိတ်၊ မြေပြုပြင်သွင်းအားစု၊လုပ်သားခ ကုန်ကျစရိတ်(၂၃)သိန်းခန့်ရှိနိုင်ပြီး အောင်မြင်ဖြစ်ထွန်းပါက တစ်ဧကကျပ်သိန်း(၅၀)ကျော် အမြတ်ရရှိနိုင်ကြောင်း၊ Nilar Frozen Foods ကုမ္ပဏီမှ တာဝန်ရှိသူ၏ ရှင်းလင်းပြောကြားချက်အရ သိရှိရသည်။
DOCA(ပဲခူး)
