
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်သူလယ်သမားများ၏ လိုအပ်ချက်များကို သိရှိနိုင်ရန်နှင့် တောင်သူလယ်သမားအသင်း ဖွဲ့စည်းနိုင်ရေးအတွက် ဩဂုတ်လ ၁၉ရက်နေ့ မွန်းလွဲ ၁၃၀၀ နာရီတွင် ဘားအံ-ထုံးအိုင် အဖြောက်လမ်း၊ ကော့တရုတ်လှကျေးရွာရှိ ငွေလဝန်းဆန်ဆက်၌ တောင်သူလယ်သ မားများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ် ဦးစီးမှူး ဦးဉာဏ်လင်း၊ ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်နှင့် အငယ်တန်းစာရေး ဦးရန်အောင်ထွန်းတို့ တက် ရောက်ခဲ့ပြီး တောင်သူလယ်သမား ၁၉နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံရာတွင် တောင်သူ လယ်သမားများအနေဖြင့် မိမိတို့၏လယ်ယာထွက်ကုန်များကို ဈေးကွက်အတွင်း ပိုမိုကောင်းမွန်စွာ ရောင်းဝယ်ဖောက်ကားနိုင်ရေး၊ လယ်ယာကဏ္ဍဆိုင်ရာ လိုအပ်ချက်များကို စုပေါင်းတင်ပြနိုင်ရေးနှင့် တောင်သူများ၏အကျိုးစီးပွားကို ပိုမိုထိရောက်စွာ ဖော်ဆောင်နိုင်ရေးတို့အတွက် တောင်သူလယ်သ မားအသင်းဖွဲ့စည်းနိုင်ရေးကို အဓိကထားဆွေးနွေးခဲ့ကြသည်။
ထို့ပြင်တောင်သူများအနေဖြင့် အသင်းအဖွဲ့စနစ်ဖြင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက် ခြင်းအားဖြင့် လယ်ယာထွက်ကုန်များ၏ ဈေးကွက်အခြေအနေ၊ ကုန်သွယ်မှုအခွင့်အလမ်းများနှင့် စားသုံးသူများ၏ လိုအပ်ချက်များကို ပိုမိုနားလည်သိရှိနိုင်မည်ဖြစ်သည့်အပြင် တောင်သူနှင့်ဈေးကွက် အကြား ချိတ်ဆက်ဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် အထောက်အကူပြုမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသည် ကရင်ပြည်နယ်အတွင်း တောင်သူလယ်သမား များ၏ အကျိုးစီးပွားကို မြှင့်တင်ပေးနိုင်ရေးနှင့် တောင်သူလယ်သမားများ စုပေါင်းပါဝင် ဆောင်ရွက် နိုင်မည့် အသင်းအဖွဲ့တစ်ရပ်ပေါ်ပေါက်လာစေရေးအတွက် အရေးပါသည့်တွေ့ဆုံဆွေးနွေးမှုတစ်ရပ် ဖြစ်ခဲ့ကြောင်း သိရသည်။
DOCA(ကရင်)
