
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း များသည် (၁၃.၈.၂၀၂၆)ရက်နေ့တွင် လားရှိုးမြို့၊ ရပ်ကွက်(၉)၊ စကားဝါလမ်းတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချလျက်ရှိသော “Nway Beauty” အလှကုန်လက်လီလက်ကား ရောင်းချသည့် ဆိုင်အား အွန်လိုင်းရောင်းချခြင်းဆိုင်ရာ မှတ်ပုံတင်ခြင်း(Online Sales Registration) နှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာ၌ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင် လျှောက်ထားသည့် အချက်အလက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိကို DOCA Application အားအသုံးပြု၍ စစ်ဆေးခဲ့ပြီး အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ (၅၀/၂၀၂၃)အရ အွန်လိုင်းမှ တစ်ဆင့် ကုန်ပစ္စည်းရောင်းချ ခြင်းလုပ်ငန်းများအတွက် Online Sales Registration ကို မဖြစ်မနေ လျှောက်ထားရယူရန် လိုအပ် ကြောင်း၊ အထူးသဖြင့် လူတို့၏အသားအရေနှင့် ကျန်းမာရေးအတွက် တိုက်ရိုက်အသုံးပြုရသည့် အလှကုန်ပစ္စည်းများ ရောင်းချရာတွင် စားသုံးသူများ ဘေးကင်းလုံခြုံရေး နှင့်နစ်နာဆုံးရှုံးမှုမဖြစ်စေ ရေးအတွက် တရားဝင်အာမခံချက်ပေးနိုင်ရန် ယခုကဲ့သို့ မှတ်ပုံတင်ခြင်း သည် လုပ်ငန်းရှင်များမဖြစ် မနေလိုက်နာရမည့် တာဝန်တစ်ရပ်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပါသည်။ထို့ပြင် အွန်လိုင်းမှတ်ပုံတင်လျှောက်ထားရာတွင် လုပ်ငန်းရှင်၏ ကိုယ်ရေး အချက်အလက်ဖြစ်သော နိုင်ငံသားစိစစ် ရေးကတ်ပြားမိတ္တူ၊ လုပ်ငန်းအမည်နှင့်တည်နေရာ လိပ်စာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်၊ အီးမေးလ် လိပ်စာတို့အပြင် ရောင်းချမည့် အလှကုန်ပစ္စည်းများ၏ အသေးစိတ်အချက်အလက်များနှင့် လုပ်ငန်း လည်ပတ်မည့် လူမှုကွန်ရက်စာမျက်နှာ သို့မဟုတ် ဝက်ဘ်ဆိုက်လင့်ခ်များကို ပြည့်စုံမှန်ကန်စွာ တင်ပြရန်လိုအပ်ကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ အရ မိမိရောင်းချသည့် ကုန်စည်များတွင် မြန်မာစာကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး သတ်မှတ်ထားသော ညွှန်ကြားချက် များနှင့်အညီ မှတ်ပုံတင်ခြင်းဖြင့် တရားဝင်လုပ်ငန်းလည်ပတ်ခွင့် ရရှိမည်ဖြစ်ပြီး စားသုံးသူများ၏ ယုံကြည်မှုကို ပိုမိုခိုင်မာစွာ တည်ဆောက်နိုင်မည်ဖြစ်သဖြင့် မိမိနှင့်နီးစပ်ရာများကိုလည်းအမြန်ဆုံး လျှောက်ထားဆောင်ရွက်ရန် ဝေမျှသင့်ကြောင်း အသိပညာပေး တိုက်တွန်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)
