ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဘောမ်ဇုံး(ရုံးအုပ်) ဦးဆောင်၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများသည် ၁၇-၈-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ ဦးအောင်မြင့်(ကုန်စုံဆိုင်) သို့သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက် အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့်ပတ်သက်၍ ကိုက်ညီမှုရှိ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ “မြဘုရင်” အမှတ်တံဆိပ်ပါ မလိုင်ပြည့်နို့ဆီတွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေ အတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့် ကိုက်ညီပြည့်စုံစွာ ဖော်ပြပါရှိကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲတို့ ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်လုပ်ငန်းရှင်အား သက်တမ်းကုန်ဆုံးသည့် ကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု မရှိသည့်ကုန်စည်များ ဈေးကွက်အတွင်းရောင်းချခြင်းမပြုလုပ်ရန်နှင့် ဆင်တူရိုးမှား အတုအပအမှတ် တံဆိပ်များ ဝယ်ယူရောင်းချခြင်းမပြုကြရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)