အနံ့မွှေးဆန် တင်ပို့မှုကို ဘင်္ဂလားဒေ့ရှ် အစိုးရမှ စောင့်ကြည့်စစ်ဆေးမှု တင်းကြပ်

Powered by Drupal

    ပြည်တွင်းဆန်ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် အစိုးရသည် အမွှေးနံ့သာဆန် (Aromatic Rice) ပြည်ပသို့ တင်ပို့မှုကို တင်းကျပ်စွာ စောင့်ကြည့်လျက်ရှိပြီး မသုံးစွဲရသေးသည့် ပို့ကုန်ကုမ္ပဏီ ခွဲတမ်းများကို ပြန်လည်စိစစ်သုံးသပ်နိုင်ရန်အတွက် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် တင်ပို့ပြီးစီးသည့် အသေးစိတ် အချက်အလက်များကို ရုံးဖွင့်ရက် ၃ ရက်အတွင်း တင်ပြရန် ညွှန်ကြားခဲ့သည်။ အဆိုပါဆောင်ရွက်ချက်သည် ပြည်တွင်းဈေးကွက် အခြေအနေအပေါ် မူတည် ၍ ခွင့်ပြုထားသော ခွဲတမ်းများကို လျှော့ချရန် သို့မဟုတ် ညှိနှိုင်းဆောင်ရွက်ရန် ဝန်ကြီးဌာန အတွက် အထောက်အကူပြုမည်ဖြစ်သည်။

     စိုက်ပျိုးရေးဈေးကွက်မြှင့်တင်ရေးဦးစီးဌာန (DAM) ၏ စာရင်းအချက်အလက်များအရ လွန်ခဲ့သော တစ်လအတွင်း ဒါကာမြို့တွင် အနံ့မွှေးဆန် အမျိုးအစားဖြစ်သော BRRI Dhan-34 ၏ ဈေးနှုန်းသည် ၁၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တစ်ကီလိုဂရမ်လျှင် ၁၄၀ မှ ၂၁၀ တာကာ (Tk) အထိ ရှိလာခဲ့သည်။ အဆိုပါ ဈေးနှုန်းသည် လွန်ခဲ့သော တစ်နှစ်က တစ်ကီလိုဂရမ်လျှင် ၉၀ မှ ၁၂၅ တာကာ ရှိခဲ့ရာမှ ယခုအခါ ၆၃ ရာခိုင်နှုန်းခန့် ပိုမိုမြင့်တက်လာခြင်းဖြစ်သည်။

    ပြည်တွင်းဈေးကွက် အခြေအနေကို တုံ့ပြန်သည့်အနေဖြင့် ပြည်ပသို့ တင်ပို့ရန် ခွင့်ပြုထား သော ပမာဏကို လျှော့ချရန် သို့မဟုတ် ညှိနှိုင်းပြင်ဆင်ရန် လိုအပ်ကောင်း လိုအပ်နိုင်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ထို့ကြောင့် ဝန်ကြီးဌာနအနေဖြင့် ခွင့်ပြုထားသော ခွဲတမ်းများ အနက် မသုံးစွဲရသေးဘဲ ကျန်ရှိနေသည့် ပမာဏကို စစ်ဆေးနိုင်ရန် ပို့ကုန်လုပ်ငန်းရှင်များအား အမှန်တကယ် တင်ပို့ထားသည့် ကိန်းဂဏန်းများကို တောင်းခံထားခြင်းဖြစ်သည်။ ခွင့်ပြုထားသော ပမာဏအတိုင်း အပြည့်အဝ မတင်ပို့နိုင်ခဲ့သည့် ကုမ္ပဏီများနှင့် အနည်းငယ်မျှသာ တင်ပို့ရသေး သည့် ကုမ္ပဏီများအတွက် ယင်းတို့၏ မသုံးစွဲရသေးသော ခွဲတမ်းများကို ယခုအခါ ပြန်လည်စိစစ် သွားမည်ဖြစ်သည်။

     အစိုးရသည် အစောပိုင်းက ကုမ္ပဏီ ၂၇၈ ခုအတွက် အနံ့မွှေးဆန် တန်ချိန် ၄၅,၂၇၀ တင်ပို့ ခွင့်ကို အဆင့်နှစ်ဆင့်ဖြင့် ခွင့်ပြုပေးခဲ့ကြောင်း တာဝန်ရှိသူများ၏ အဆိုအရ သိရသည်။ ယင်းတို့ အနက် ပထမအဆင့်တွင် ကုမ္ပဏီ ၂၁၁ ခုနှင့် ဒုတိယအဆင့်တွင် ကုမ္ပဏီ ၆၇ ခု ခွင့်ပြုမိန့် ရရှိခဲ့ ကြသည်။ ဩဂုတ်လ ၂ ရက်နေ့က ပြုလုပ်ခဲ့သော အစည်းအဝေးတစ်ခုတွင် တာဝန်ရှိသူများသည် ထုတ်လုပ်မှု၊ ပြည်တွင်းလိုအပ်ချက်၊ ဈေးကွက်အခြေအနေနှင့် အနံ့မွှေးဆန် အမှန်တကယ် တင်ပို့ခဲ့ သည့် ပမာဏတို့ကို ပြန်လည်သုံးသပ်ခဲ့ကြသည်။ ထိုသို့ သုံးသပ်ရာတွင် တင်ပို့ခွင့်ရရှိထားသော ပို့ကုန်လုပ်ငန်းရှင် အများအပြားသည် ယင်းတို့၏ ခွဲတမ်းအတိုင်း အပြည့်အဝ မတင်ပို့နိုင်ကြသည် ကို တွေ့ရှိခဲ့ရသည်။

    ဆန်စက်ပိုင်ရှင်ကြီး အချို့သည် အနံ့မွှေးဆန်များကို အမြောက်အမြား သိုလှောင်ထားပြီး ဈေးကွက်အတွင်း လိုအပ်သည်ထက် လျှော့ပေါ့ရောင်းပေးခြင်းဖြင့် ဆန်ဈေးနှုန်းများ ပိုမိုမြင့်တက် အောင် ပြုလုပ်နေကြကြောင်း ကုန်သည်များ၏ ပြောဆိုမှုများကြောင့် အမျိုးသား စားသုံးသူအခွင့် အရေးကာကွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ သက်ဆိုင်ရာ စီးပွားရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စောင့်ကြည့်စစ်ဆေးမှုမလုပ်ငန်းများကိုလည်း တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။

    ဘင်္ဂလားဒေ့ရှ် စားသုံးသူများအသင်း (CAB) ဥက္ကဋ္ဌ AHM Shafiuzzaman က အစိုးရ ခွင့်ပြု ပေးထားသည့် ပို့ကုန်ပမာဏသည် ပြည်တွင်းထုတ်လုပ်မှု၊ စားသုံးမှုတိုနှင့် နှိုင်းယှဉ်ပါက နည်းပါး သဖြင့် အနံ့မွှေးဆန်၏ ဈေးနှုန်း တာကာ ၆၀ မှ ၇၀ အထိ မြင့်တက်လာခြင်းမှာ တရားမျှတမှု မရှိကြောင်း ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နှစ်စဉ် အနံ့မွှေးဆန် တန်ချိန် ၂၀,၀၀၀ ခန့် ထုတ်လုပ်လျက်ရှိပြီး အစိုးရက ခွင့်ပြုထားသော ပို့ကုန်ပမာဏသည် ဈေးကွက်၏ သေးငယ်သော အစိတ်အပိုင်းမျှသာ ရှိကြောင်း Mr.Shafiuzzaman က ဆိုသည်။

    ပို့ကုန်ခွင့်ပြုပေးခြင်းသည် ထုတ်လုပ်သူများနှင့် စားသုံးသူများကို အမှန်တကယ် အကျိုးပြု ခြင်း ရှိ/မရှိ၊ ပို့ကုန်များကို ခေတ္တရပ်ဆိုင်းလိုက်ပါက ဈေးနှုန်းများ ပြန်လည်ကျဆင်းသွားရန် အထောက်အကူပြုနိုင်ခြေ ရှိ/မရှိ အစိုးရအနေဖြင့် စိစစ်သုံးသပ်သင့်ကြောင်း Mr.Shafiuzzaman က ပြောကြားခဲ့သည်။  အနံ့မွှေးဆန် တင်ပို့မှုကို ပိတ်ပင်ခြင်း သို့မဟုတ် ကန့်သတ်ခြင်းတို့က ဈေးနှုန်း များကို ပြန်လည်ကျဆင်းစေခြင်း ရှိ/မရှိကို စစ်ဆေးရန် အစိုးရအား ၎င်းက တိုက်တွန်းခဲ့သည်။ ထိုသို့ လေ့လာဆန်းစစ်ခြင်း မပြုလုပ်ပါက စားသုံးသူများအနေဖြင့် ဝန်ထုပ်ဝန်ပိုးကို ဆက်လက် ခံစားနေရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းများကမူ အခြေအနေကို အခွင့်ကောင်းယူနေမည် ဖြစ် ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Source: The daily star,  14 August 2026 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)