
ပိုလန်နိုင်ငံ စိုက်ပျိုးရေးနှင့် စားသောက်ကုန် အရည်အသွေးစစ်ဆေးရေး အာဏာပိုင်အဖွဲ့ (IJHARS) သည် ထိုင်းနိုင်ငံထံမှ အော်ဂဲနစ်အမှတ်တံဆိပ်ဖြင့် တင်သွင်းလာသော စံပယ်ဆန် (Jasmine Rice) တန်ချိန် ၄၀ နှင့်စပ်လျဉ်း၍ ပုံမှန်စစ်ဆေးချက်တစ်ရပ်ကို ဆောင်ရွက်ခဲ့ရာ ၎င်း ဆန်များအတွက် တင်ပြသည့် အရည်အသွေး စိစစ်ချက်နှင့် အသိအမှတ်ပြုလက်မှတ် အထောက် အထားများသည် ဥရောပသမဂ္ဂ၏ အော်ဂဲနစ်ထုတ်ကုန် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိကြောင်း တွေ့ရှိခဲ့သည်ဟု ဝါဆောမြို့ရှိ ထိုင်းကုန်သွယ်မှုဗဟိုဌာန၏ အစီရင်ခံစာကို ရည်ညွှန်းလျက် ထိုင်း နိုင်ငံတကာ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန (DITP) က ဖော်ပြခဲ့သည်။
သို့ဖြစ်ရာ IJHARS အာဏာပိုင်အဖွဲ့သည် စားသုံးသူများ ထင်ယောင်ထင်မှား ဖြစ်ပေါ်မှုကို ကာကွယ်နိုင်ရန် အဆိုပါဆန်များ ဈေးကွက်တင်ရောင်းချခြင်းကို ချက်ချင်းလက်ငင်း ယာယီဆိုင်းငံ့ ခဲ့ကြောင်း၊ စားသုံးသူများ၏ ကျန်းမာရေးနှင့် စပ်လျဉ်း၍ မည်သည့်ဘေးအန္တရာယ် ဖြစ်ပေါ်နိုင်ခြေ ကိုမျှ ထုတ်ပြန်ခြင်း မရှိခဲ့ကြောင်း၊ ၎င်းအဖွဲ့အနေဖြင့် ဥရောပသမဂ္ဂရှိ စိုက်ပျိုးထုတ်လုပ်သူများ အတွက် ချမှတ်ထားသည့် စံချိန်စံညွှန်းများအတိုင်း ညီညွတ်မှုရှိ၊ မရှိကို စစ်ဆေးခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၏ ထုတ်ကုန်များအပေါ် သီးသန့်ဦးတည်ချက်ထားပြီး လုပ်ဆောင်ခြင်းမဟုတ်ဘဲ မည် သည့် ဒေသမှမဆို တင်သွင်းလာသော ကုန်စည်များကို ပုံမှန်သမားရိုးကျ စစ်ဆေးခြင်းသာဖြစ် ကြောင်း သိရှိရသည်။
ပိုလန်အာဏာပိုင်များသည် မကြာသေးမီကလည်း တောင်အာဖရိကနိုင်ငံမှ တင်သွင်းလာ သော ဝိုင်ဖြူ ၆၆၀၀ လီတာကျော်ကို ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အသေးစိတ်အချက်များ ဖော်ပြရန် ပျက်ကွက်မှုဖြင့် ပြည်တွင်း၌ရောင်းချခြင်းမပြုစေရန် တားမြစ်ခဲ့သည်ဟု ဝါဆောမြို့ရှိ ထိုင်းကုန်သွယ်မှုဗဟိုဌာနက ဖော်ပြခဲ့သည်။
ဥရောပသမဂ္ဂသည် အော်ဂဲနစ်ထုတ်ကုန်များနှင့် အော်ဂဲနစ်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းတို့ နှင့် စပ်လျဉ်း၍ တင်းကျပ်သော စည်းမျဉ်းစည်းကမ်းချက်များကို ချမှတ်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ စံပယ်ဆန်များ တင်ဆောင်လာသော သင်္ဘောသည် ဧပြီလ ၆ ရက်နေ့တွင် ထိုင်း နိုင်ငံ ဆိပ်ကမ်းမှ ထွက်ခွာလာခဲ့ကြောင်း သင်္ဘောလိုင်းထံမှ ရရှိသည့် သင်္ဘောတင်ပို့မှု မူရင်း B/L အထောက်အထားတွင် ဖော်ပြထားခြင်းက ပိုလန်ရှိ ဝယ်ယူတင်သွင်းသည့်ကုမ္ပဏီအား အော်ဂဲနစ် ဆန် အမှတ်တံဆိပ် ကပ်နှိပ်ရန် အတားအဆီးဖြစ်စေလျက်ရှိသည်။ ယင်းအချက်သည် တင်ပို့သည့် ပင်ရင်းနိုင်ငံမှ အော်ဂဲနစ်ကုန်စည်များကို သယ်ယူပို့ဆောင်ခြင်းမပြုမီ အသိအမှတ်ပြုလက်မှတ် အထောက်အထားများကို ဦးစွာထုတ်ပေးရမည်ဟူသော ဥရောပသမဂ္ဂ၏ စည်းကမ်းချက်နှင့် ကိုက်ညီမှု မရှိသည့် အခြေအနေဖြစ်ပေါ်ခဲ့သည်။
ယခုဖြစ်စဉ်သည် ထုတ်ကုန်၏ အရည်အသွေး သို့မဟုတ် စံချိန်စံညွှန်းကြောင့် ဖြစ်ပွားခဲ့ခြင်း မဟုတ်ကြောင်း၊ ယခုကဲ့သို့ အော်ဂဲနစ်အမှတ်တံဆိပ်ဖြင့် ထိုင်းစံပယ်ဆန်များ ရောင်းချမှု ဆိုင်းငံ့ ခံရသည့်ကိစ္စရပ် ပေါ်ပေါက်ခဲ့သော်လည်း ကမ္ဘာ့ဈေးကွက်များတွင် ထိုင်းနိုင်ငံ၏ အော်ဂဲနစ်ဆန် များသည် အလားအလာကောင်းများ ခိုင်မာစွာ ထိန်းသိမ်းထားနိုင်ကြောင်း The Nation Thailand သတင်းဌာနက ဖော်ပြပါသည်။
ထိုင်းကုန်သွယ်မှု မူဝါဒနှင့် မဟာဗျူဟာရုံး၏ အချက်အလက်များအရ ကမ္ဘာ့ အော်ဂဲနစ်ဆန် ကုန်သွယ်မှုတန်ဖိုးသည် ၂၀၂၄ ခုနှစ်၌ အမေရိကန်ဒေါ်လာ ၇.၈ ဘီလီယံခန့်ရှိပြီး ၂၀၃၄ ခုနှစ် အရောက်တွင် တန်ဖိုး ဒေါ်လာ ၁၂ ဘီလီယံ အထိ တိုးတက်လာမည်ဟု ခန့်မှန်းရကြောင်း၊ ထိုင်း နိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်၌ အော်ဂဲနစ်ဆန် ၂၂၃၇၈ တန် တင်ပို့မှုမှ ဝင်ငွေ ဒေါ်လာ ၃၁.၁ သန်း ရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၃၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ ၎င်း၏ အော်ဂဲနစ်ဆန် အဓိက တင်ပို့ရာ ဈေးကွက်များမှာ အမေရိကန်၊ အီတလီ၊ ဆွစ်ဇာလန်၊ နယ်သာလန်နှင့် ပြင်သစ် နိုင်ငံများ ဖြစ်ကြောင်း သိရှိရသည်။
Source: The Nation Thailand, 09 August 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
