
ကမ္ဘာ့ဝါဂွမ်းဈေးနှုန်းများ မြင့်တက်နေမှုကြောင့် အိန္ဒိယနိုင်ငံ၏ ဝါဂွမ်းဈေးနှုန်းများလည်း မြင့်တက်လာခဲ့သည်။ ထို့အပြင် မိုးရွာသွန်းမှု မလုံလောက်ခြင်းကြောင့် စိုက်ပျိုးဧရိယာ လျော့နည်း လာနိုင်သည်ဟု စိုးရိမ်မှုများလည်း ရှိနေသည်။ စိုက်ပျိုးရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန် ချက်အရ ၂၀၂၆ ခုနှစ် ဇူလိုင် ၁၀ ရက်အထိ ဝါဂွမ်းစိုက်ဧရိယာမှာ ဟက်တာ ၇၉.၅၄ သိန်းသာ ရှိပြီး ယခင်နှစ်က ၉၃.၉၅ သိန်းဟက်တာနှင့် နှိုင်းယှဉ်ပါက ၁၅ ရာခိုင်နှုန်း လျော့နည်းခဲ့သည်။
အိန္ဒိယ ဝါဂွမ်းကော်ပိုရေးရှင်း (Cotton Corporation of India – CCI) သည် စက်ရုံများနှင့် ကုန်သည်များဘက်မှ ဝယ်လိုအားကောင်းနေခြင်းကြောင့် လွန်ခဲ့သည့် နှစ်ရက်အတွင်း ၁ ကန်ဒီ (၃၅၆ ကီလိုဂရမ်) လျှင် ရူပီး ၈၀၀ တိုးမြှင့် သတ်မှတ်ခဲ့သည်။
ရိုင်ချူးမြို့ရှိ ဝါဂွမ်းဝယ်ယူရေးကိုယ်စားလှယ် Ramanuj Das Boob က ဈေးကွက်အတွင်း ရောင်းလိုအားအခြေအနေကြပ်တည်းနေပြီး နယူးယောက် ICE Futures ဈေးကွက်ရှိ ဝါဂွမ်း ဈေးနှုန်းများသည် တစ်ပေါင်လျှင် ၇၅–၇၆ ဆင့်မှ ၈၁–၈၂ ဆင့်အထိ မြင့်တက်လာခဲ့ကြောင်း၊ မုတ်သုံမိုးနောက်ကျနေခြင်းကြောင့် လာမည့်ဝါဂွမ်းသီးနှံအပေါ် မသေချာမရေရာမှုများက ဈေးကွက် ကို လှုပ်ရှားစေကြောင်း ပြောကြားခဲ့သည်။
အိန္ဒိယ ဝါဂွမ်းကော်ပိုရေးရှင်း၏ ရောင်းချမှုများမှာလည်း ဝယ်လိုအားကောင်းနေသဖြင့် တနင်္လာနေ့တွင် ဝါဂွမ်းအထုပ် Bales ၁.၂ သိန်းကျော်(၂၀၄၀၀ မက်ထရစ်တန်) နှင့် အင်္ဂါနေ့တွင် Bales ၁.၅ သိန်း(၂၅၅၀၀ မက်ထရစ်တန်) ရောင်းချနိုင်ခဲ့ကြောင်း သိရှိရသည်။
Source : The Hindu BusinessLine, 15 July 2026 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
