
ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ်ပထမနှစ်ဝက်တွင် ပြည်ပဈေးကွက်များသို့ ဆန်တန်ချိန် ၆၃၀,၃၁၉ တင်ပို့ခဲ့ပြီး ယင်းသည် ယခင်နှစ်ကာလတူတင်ပို့မှု တန်ချိန် ၃၈၇,၀၇၀ နှင့်နှိုင်းယှဉ်ပါက တစ်နှစ်ထက်တစ်နှစ် ၆၃ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယားဆန်စပါးအဖွဲ့ချုပ် (CRF) ၏ ဗုဒ္ဓဟူးနေ့ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ကုန်စည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၆၇ သန်းကျော် ရရှိခဲ့ပြီး ၂၀၂၅ ခုနှစ် ပထမခြောက်လအတွင်း ရရှိခဲ့သော ဒေါ်လာ ၂၈၃ သန်းထက် ၂၉ ဒသမ ၅ ရာခိုင်နှုန်း ပိုမို တိုးတက် လာခဲ့သည်။ ၎င်းဆန်များကို အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)၊ တရုတ်နှင့် ဥရောပ သမဂ္ဂ (EU) အပါအဝင် နိုင်ငံနှင့် ဒေသပေါင်း ၆၄ ခုသို့ တင်ပို့ခဲ့ခြင်းဖြစ်သည်။
အာဆီယံနိုင်ငံများသည် ကမ္ဘောဒီးယားဆန် စုစုပေါင်းတင်ပို့မှု၏ ၃၃ ရာခိုင်နှုန်း (သို့မဟုတ်) တန်ချိန် ၂၀၈,၅၉၃ ကို တင်သွင်းခဲ့ပြီး တရုတ်နိုင်ငံသို့မူ စုစုပေါင်း၏ ၂၅ ဒသမ ၇ ရာခိုင်နှုန်းရှိသည့် တန်ချိန် ၁၆၂,၁၂၅ တင်ပို့ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဥရောပသမဂ္ဂ (EU) နိုင်ငံများက စုစုပေါင်း၏ ၂၄ ရာခိုင်နှုန်း (သို့မဟုတ်) တန်ချိန် ၁၅၄,၂၅၄ တင်သွင်းခဲ့ပြီး ကျန် တန်ချိန် ၄၃,၉၄၀ ကို အာဖရိက၊ အရှေ့အလယ်ပိုင်း၊ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျနှင့် နယူး ဇီလန်နိုင်ငံများအပါအဝင် အခြားသော နိုင်ငံများသို့ တင်ပို့ခဲ့သည်။
CRF ဥက္ကဋ္ဌ Lay Chhun Hour က ကမ္ဘောဒီးယားဆန်အပေါ် ကမ္ဘာ့ဈေးကွက်တွင် ဝယ်လို အား တိုးမြင့်လာခြင်းကြောင့် ယခုကဲ့သို့ ထူးခြားသော တိုးတက်မှု ရရှိခဲ့ကြောင်း ပြောကြားခဲ့ပြီး ဆန်တန်ဖိုးမြှင့် ထုတ်လုပ်မှု (downstream processing) ကဏ္ဍတွင် ရင်းနှီး မြှုပ်နှံမှု ပြုလုပ်ရန် သင့်လျော်မှုကိုလည်း ထပ်မံအလေးပေး ပြောကြားခဲ့သည်။
ပို့ကုန်အရှိန်အဟုန်အားကောင်းစေရန် တွန်းအားပေးနေသည့် အဓိကအချက်မှာ ကမ္ဘောဒီးယား၌ ပြည်တွင်းစားသုံးမှုအပြင် ပြုပြင်ထုတ်လုပ်ရန်နှင့် ပြည်ပတင်ပို့ရန်အတွက် ဆန် ပိုလျှံမှု အမြောက်အမြားရှိနေခြင်းကြောင့်ဖြစ်ပြီး တစ်ဖက်တွင်လည်း ပြည်ပဈေးကွက်ဖြစ်သည့် ဖိလစ်ပိုင်၊ တရုတ်နှင့် အီးယူအုပ်စုကဲ့သို့ ရှိရင်းစွဲဈေးကွက်များတွင် ဝယ်လိုအားအလွန် မြင့်မားနေ ခြင်းကြောင့် ဖြစ်သည် ဟု ၎င်းက Khmer Times သို့ ပြောကြားခဲ့သည်။
အမွှေးနံ့သာဆန်များသည် ဆန်တင်ပို့မှုကဏ္ဍတွင် ဆက်လက်လွှမ်းမိုးထားပြီး အဆိုပါကာလ အတွင်း စုစုပေါင်းဆန်တင်ပို့မှု၏ ၅၉ ဒသမ ၈၁ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ သည် နိုင်ငံတကာဈေးကွက်သို့ ဆန်တန်ချိန် ၁ သန်း တင်ပို့ရန် ရည်မှန်းချက်ကြီးမားစွာ ချမှတ် ထားသည်။
Source: Khmer Times, 10 July 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
