
အိန္ဒိယနိုင်ငံ၏ လိမ္မော်သီးတင်ပို့သည့် လုပ်ငန်းသည် လျင်မြန်စွာ ချဲ့ထွင်လျက်ရှိပြီး Nagpur မြို့ သည် ထုတ်လုပ်ခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်းများ၏ ဗဟိုဌာနအဖြစ် ပေါ်ထွက်လျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံသည် နှစ်စဉ်လိမ္မော်သီးတန်ချိန် ၁၀ သန်းခန့် ထုတ်လုပ်ပြီး Maharashtra ပြည်နယ်၏ Vidarbha ဒေသမှာ ထုတ်လုပ်မှုအများဆုံးဖြစ်ကြောင်း၊ Amravati ခရိုင်တစ်ခုတည်းမှ Maharashtra ပြည်နယ်၏ စုစုပေါင်းလိမ္မော်သီးထုတ်လုပ်မှု ၄၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး တစ်နှစ်လျှင် တန်ချိန် ၁.၂ သန်းမှ ၁.၅ သန်းအထိ ထုတ်လုပ်ကြောင်း၊ ၎င်း၏နောက်တွင် Nagpur ခရိုင်က ဒုတိယအများဆုံး ထုတ်လုပ်သည့်ခရိုင်ဖြစ်ကြောင်း သိရှိရသည်။
Nagpur Mandarin ဟုလည်းကောင်း၊ Nagpur Santra ဟုလည်းကောင်း လူသိများသော လိမ္မော်သီးသည် လက်ရှိတွင် ဒူဘိုင်း၊ ဘာရိန်း၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါနှင့် ဘူတန်နိုင်ငံများအထိ ဈေးကွက်ချဲ့ထွင်နိုင်ခဲ့ပြီး ဆော်ဒီအာရေဗျ၊ အမေရိကန်နှင့် ဥရောပဈေးကွက်များတွင်လည်း ဝယ်လိုအား တိုးပွားလျက်ရှိကြောင်း၊ Indo Food Export ကဲ့သို့သော ကုမ္ပဏီများသည် အဆိုပါ လုပ်ငန်းနယ်ပယ်တွင် ရှေ့ဆောင်လုပ်ငန်းရှင်များအဖြစ် ရပ်တည်ကာ နိုင်ငံတကာစံချိန်စံနှုန်းများ နှင့် ကိုက်ညီသော ပိုးသတ်ဆေးကင်းစင်သည့် လိမ္မော်သီးအသစ်များကို ဖြည့်ဆည်းပေးလျက်ရှိ ကြောင်း သိရှိရသည်။
Nagpur မြို့ရှိ လိမ္မော်သီးများကို အဓိကသုတေသနပြုလုပ်သော အဖွဲ့အစည်းဖြစ်သည့် Central Citrus Research Institute သည် အလေးချိန် တစ်ကီလိုဂရမ်ကျော်ရှိသော လိမ္မော်မျိုး ကွဲတစ်ခုကို တီထွင်ထုတ်လုပ်ထားပြီး ဖျော်ရည်ညှစ်ထုတ်ရန်အတွက် သင့်လျော်ကာ တောင်သူ များ၏ အထွက်နှုန်းတိုးတက်စေရန် လေ့ကျင့်ရေး သင်တန်းအစီအစဉ်များကိုလည်း ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ အစိုးရအနေဖြင့်လည်း စက်ရေသွင်းစနစ် တပ်ဆင်မှုအတွက် ထောက်ပံ့ ကြေးများဖြင့် တောင်သူများကို ပံ့ပိုးကူညီလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါဒေသရှိ အဓိကပြုပြင်ဆောင်ရွက်သည့် အခြေခံအဆောက်အဦများတွင် Nagpur မြို့ရှိ ဘက်စုံသယ်ယူပို့ဆောင်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကုန်စည်ဗဟိုဌာနနှင့် လေဆိပ် ဖြစ် သည့် MIHAN ၌ Patanjali Mega Food Park ပါဝင်ပြီး ၎င်းသည် စွန့်ပစ်ပစ္စည်းကင်းစင်သည့်ပုံစံ ဖြင့် တစ်နေ့လျှင် သစ်သီးတန်ချိန် ၈၀၀ အထိ ပြုပြင်နိုင်စွမ်းရှိပြီး Hingna MIDC ရှိ NOGA စက်ရုံ သည် တစ်နှစ်လျှင် မက်ထရစ်တန် ၃,၅၀၀ ပြုပြင်ကာ သစ်သီးဖျော်ရည်မှုန့်၊ ဖျော်ရည်၊ ယိုနှင့် သစ်သီးမှုန့်များကို ထုတ်လုပ်ကြောင်း၊ အဆိုပါစက်ရုံများသည် တစ်နည်းနည်းဖြင့် အလဟဿ ဖြစ်သွားနိုင်သော အဆင့် ၃ နှင့် ၄ ရှိသော လိမ္မော်သီးများကို ဖျော်ရည်နှင့် လိမ္မော်ဖျော်ရည်ဆီ ထုတ်ကုန်များအဖြစ် ပြောင်းလဲနိုင်စေကြောင်း၊ Vidarbha ဒေသရှိ လိမ္မော်စိုက်ပျိုးသူများအတွက် အနီးဆုံး တင်ပို့နိုင်သော စက်ရုံမှာ Nagpur လေဆိပ်တွင်မဟုတ်ပဲ မွမ်ဘိုင်းမြို့တွင် တည်ရှိသော ကြောင့် သယ်ယူပို့ဆောင်ရေးမှာ အကန့်အသတ်တစ်ခုအဖြစ် ကျန်ရှိနေဆဲဖြစ်ကြောင်း သိရှိရ သည်။
Source: Thelivenagpur.com, 10 July 2026 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
