ပခုက္ကူမြို့မစည်ပင်သာယာဈေးတွင် ခေါက်ဆွဲခြောက်ထုပ်များ ရောင်းအားကောင်းလျက်ရှိ

Powered by Drupal

              မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်၌ အခြေခံစားသောက်ကုန်များ ရောင်းချလျက်ရှိ သော အရောင်းဆိုင်များတွင် ခေါက်ဆွဲခြောက်ထုပ်များပုံမှန် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ခေါက်ဆွဲကို ဂျုံသီးနှံ ကုန်ကြမ်းမှ ကုန်ချောအဖြစ် ထုတ်လုပ်ခြင်းဖြစ်၍ ပခုက္ကူမြို့နယ်သည် သီးနှံ မျိုးစုံ စိုက်ပျိုးကြသော်လည်း ဂျုံသီးနှံစိုက်ပျိုးခြင်းမရှိ၍ စိုက်ပျိုးမှုများသော စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့ ခေါက်ဆွဲ ခြောက်ထုတ်လုပ်သည့် စက်ရုံများမှ ပခုက္ကူဈေးကွက်သို့ ဝင်ရောက်ကြောင်း၊ စားသုံးသူများ အတွက် ခန္ဓာကိုယ်အားဖြစ်စေပြီး ကျန်းမာရေးနှင့်ညီညွှတ်၍ ဈေးနှုန်းသင့်တင့် မျှတစွာဖြင့် အလွယ်တကူ ဝယ်ယူမှုရရှိခြင်းကြောင့် စားသုံးသူများအနေဖြင့် ခေါက်ဆွဲသုပ်၊ ခေါက်ဆွဲကြော်၊ ခေါက်ဆွဲအရည်ပျော်ပြုလုပ်၍ မြန်မာ့ရိုးရာအစားအစာအဖြစ် ရှေးယခင် နှစ်များစွာကတည်းက စားသုံးမှုများကြောင်း သိရှိရသည်။

               ၂၀၂၆ ခုနှစ်၊ ဇွန်လ(ဒုတိယပတ်)တွင် ခေါက်ဆွဲခြောက်ထုပ်များ ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်နေကြောင်း၊ ခေါက်ဆွဲတွင် အဝါရောင်နှင့်အဖြူရောင် နှစ်မျိုးရှိပြီး ခေါက်ဆွဲသား အကောင်းနှင့် စက်ကျအကျိုးဟူ၍ နှစ်မျိုးခွဲခြားရောင်းချကြောင်း၊ “ရွှေဒင်္ဂါး” အဝါရောင် ခေါက်ဆွဲ ခြောက်တစ်စီးလျှင် ကျပ်(၁၀၀၀)၊ (၂၅)ထုပ်ပါတစ်ထုပ်လျှင် ကျပ်(၂၄၀၀၀)၊ ခေါက်ဆွဲကျိုး စက်ကျ တစ်ပိဿာလျှင် ကျပ်(၇၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ “စွမ်းထက်” ခေါက်ဆွဲ ခြောက် (၅၀)ကျပ်သားပါ တစ်ထုပ်လျှင် ကျပ်(၄၅၀၀)၊ အထုတ်(၃၀)ပါ တစ်ဖာလျှင် ကျပ်(၁၃၅၀၀၀)၊ (၂၅)ကျပ်သားပါ တစ်ထုပ်လျှင် ကျပ်(၂၅၀၀)၊ (၅၀)စီးပါတစ်ဖာလျှင် ကျပ်(၁၂၅၀၀၀)၊ စက်ကျအကျိုး တစ်ပိဿာလျှင် ကျပ်(၅၀၀၀)ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း၊ယခုအချိန်သည် ကျောင်းဖွင့်ချိန် ရာသီဖြစ်၍ ယခင်ကထက် ပို၍ ရောင်းအားကောင်းလျက်ရှိကြောင်း၊ မြိုင်၊ ရေစကြို၊ ယောနယ် (ကျောက်ထု)ဒေသများသို့လည်း တင်ပို့ရောင်းရကြောင်း၊ တစ်ပတ်အတွင်း‌ ခေါက်ဆွဲခြောက် ပိဿာ (၅၅၀-၆၀၀)ခန့် ရောင်းချရကြောင်း ပခုက္ကူမြို့မဈေးရှိ ခေါက်ဆွဲခြောက်ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(မကွေး)