
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တိုင်းဒေသကြီး ဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင် ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ပပရွှေသည် (၂.၆၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ပခုက္ကူခရိုင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အရေးကြီးကုန်စည် နှင့်ဝန်ဆောင်မှုဥပဒေအား Talk Show ဖြင့် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
အသိပညာပေးဆွေးနွေးရာတွင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအား ၂၀၁၂ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်အမှတ် (၁၃)၊ ၁၃၇၄ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် (၈) ရက် (၂၀၁၂ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်) နေ့တွင် ဤဥပဒေကို ပြဌာန်းလိုက်ကြောင်း၊ မျှော်မှန်းချက်သည် စားသုံးသူများ အသုံးပြုသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရမည်ဖြစ်ကြောင်း၊ ရည်ရွယ် ချက်မှာ နိုင်ငံသား၏ အကျိုးစီးပွားကို အထောက်အကူပြုမည့် ကုန်စည်များနှင့်ဝန်ဆောင်မှုများကို အကာအကွယ်ပေးနိုင်ရန်၊ အကျိုးစီးပွားကို ထိခိုက်စေနိုင်သော ကုန်စည်များနှင့်ဝန်ဆောင်မှုများကို ကန့်သတ်တား ဆီးရန်၊ ဘေးအန္တရာယ်၊ ကူးစက်ရောဂါနှင့် အခြားမလိုလားအပ်သော ကိစ္စတစ်စုံတစ်ရာ ပေါ်ပေါက်နိုင်သည့် ကုန်စည်နှင့် တိရစ္ဆာန်များအား ပြည်တွင်းသယ်ဆောင်မှု၊ ပြည်တွင်းသို့ တင်သွင်း မှုနှင့်ပြည်ပသို့ တင်ပို့မှုတို့ကို တားဆီးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ကုန်စည်တစ်မျိုးမျိုးနှင့် တိရစ္ဆာန်တစ်မျိုးမျိူးကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ကြေညာပြီး ယင်းကုန်စည်တို့နှင့် စပ်လျဉ်း၍ သတ်ဖြတ်မှု၊ ဖမ်းဆီးမှု၊ ခိုင်းစေမှု၊ မွေးမြူမှု၊ တင်သွင်းမှု၊ တင်ပို့မှု၊ ရောင်းဝယ်မှု၊ လက်ဝယ်ထားမှု၊ သိုလှောင်မှု၊ သယ်ဆောင်မှု၊ ဖြန့်ဖြူးမှု၊ အသုံးပြုမှု၊ စားသုံးမှုတို့နှင့် သက်ဆိုင်သည့် ကိစ္စရပ်များ၊ ဝန်ဆောင်မှုတစ်မျိုးမျိုးကို အရေးဝန်ဆောင်မှုအဖြစ် သတ်မှတ်ကြေညာပြီး ယင်း ဝန်ဆောင်မှုနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ပုဒ်မ(၄)အရ ပြည်ထောင်စုအစိုးရအဖွဲ့သည် တားမြစ် မိန့်၊ စည်းမျဉ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နှင့် လိုအပ်သလိုဆောင်ရွက်စေသည့် အမိန့် ထုတ်ပြန်နိုင်ခွင့်ကို သက်ဆိုင်ရာဝန်ကြီးဌာနတစ်ခုခုအား အပ်နှင်း နိုင်ကြောင်း အသိပညာပေးခဲ့ပါသည်။
ဆက်လက်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ဆေးနှင့်ဆေးပစ္စည်း များ၊ ဝါသီးနှံနှင့်ဝါဂွမ်း၊ ဆင့်ပွားဈေးကွက်ဖြန့်ချီရေးလုပ်ငန်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း များကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု လုပ်ငန်းအဖြစ် သတ်မှတ်သည့်အမိန့်များအား ထုတ်ပြန်ခဲ့ ကြောင်း၊ ပြစ်မှုပြစ်ဒဏ်အနေဖြင့် ပုဒ်မ (၅ )တွင် ပုဒ်မ (၄) အရ ထုတ်ပြန်ထားသော အမိန့်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း၊ ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ်ခြောက်လမှ ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်မည့်အပြင် ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ်လည်းချမှတ်ခြင်း ခံရမည်ဖြစ်ကြောင်း၊ ပုဒ်မ (၆) အရ တရားရုံးသည် ပြစ်မှုနှင့်သက်ဆိုင်သည့် သက်သေခံပစ္စည်းများကို ဖျက်ဆီးစေရန်ဖြစ်စေ၊ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းစေရန်ဖြစ်စေ၊ အခြားနည်းစီမံခန့်ခွဲစေရန် ဖြစ်စေ အမိန့်ချမှတ်နိုင်ကြောင်း၊ ပုဒ်မ (၇) အရ ဤဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများ အဖြစ် သတ်မှတ်နိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
