
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ဈေးကွက်များတွင် ရောင်းချနေသော ဘူးသွင်းစားသုံးဆီများ၏ အရည်အသွေးနှင့် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရန်အတွက် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်းတစ်ဦးတို့သည် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တွင် ကန့်ဘလူမြို့ပေါ်ရှိ စျေးဆိုင်များနှင့် လက်လီအရောင်းဆိုင်များတွင် ရောင်းချနေသော ဘူးသွင်းစားသုံးဆီများကို ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် စားသုံးဆီဘူးများ၏ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ ထုတ်လုပ်သူနှင့် တင်သွင်းသူ အချက်အလက်များ၊ ပိဿာ၊ ကျပ်သား၊ အမှတ်တံဆိပ်နှင့် အရည် အသွေးအာမခံချက်များ ပြည့်စုံမှုရှိမရှိကို အသေးစိတ်စစ်ဆေးခဲ့ကြပြီး စံချိန်စံညွှန်းမပြည့်မီသော ပစ္စည်းများ မရောင်းချရန် ဆိုင်ရှင်များအား အသိပညာပေးညွှန်ကြားခဲ့ကြောင်း သိရသည်။
ထို့အပြင် စားသုံးသူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အရည်အသွေးမမှန်ကန်သော စားသုံးဆီများ မဖြစ်ပေါ်စေရန် စနစ်တကျ စောင့်ကြည့်စစ်ဆေးမှုများကို ဆက်လက်ပြုလုပ်သွား မည်ဖြစ်ကြောင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ စျေးကွက်များတွင် စားသုံးဆီများကို စည်းကမ်းတကျ ရောင်းချနိုင်ရေးနှင့် စားသုံးသူအခွင့်အရေးများ ကာကွယ်ပေးနိုင်ရေးအတွက် ယခုကဲ့သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများကို အစဉ်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)
