
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် ဝန်ဆောင်မှုကဏ္ဍ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုတွင် စားသုံးသူများ နစ်နာဆုံးရှုံးမှုမရှိစေရေးနှင့် ကျယ်ကျယ်ပြန့်ပြန့်အသိပညာပေးနိုင်ရေး ရည်ရွယ်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် တာဝန်ခံ ဒေါ်မြတ်မြတ်မိုးသည် မြို့နယ်မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးလှအောင်ရွှေနှင့်အတူ (၁၈.၂.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် သယ်ယူပို့ဆောင်ရေးယာဉ် လိုင်းအား ကြီးကြပ်စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ စစ်ဆေးရာတွင် ခရီးသည်များအား လုံခြုံချောမွေ့စွာဖြင့် ပို့ဆောင်နိုင်ရေး ခရီးသည် ပို့ဆောင်မှုအခြေအနေများ၊ ကုန်စည်တန်ဆာပေးပို့မှုအခြေအနေများနှင့်စပ်လျဉ်း၍ အဝေးပြေးယာဉ် လိုင်းများအား ကြီးကြပ်စစ်ဆေးခဲ့ပြီး အများသုံးသယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်များတွင် ယာဉ် မတော်တဆကိစ္စရပ်များ လျှော့ချနိုင်စေရန် သတ်မှတ်လူဦးရေထက် ပိုမိုတင်ဆောင်ခြင်းမပြုရေး၊ ယာဉ်မောင်းများ ယာဉ်မောင်းစဉ် အရက်သေစာသောက်စားထားခြင်းမရှိစေရေး၊ ဖုန်းပြောဆိုမှုမရှိစေရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းစေရေး၊ ထုတ်ပြန်ထားသော သက်ဆိုင်ရာဌာနများ၏ စည်းကမ်းချက်များနှင့် အညီ လိုက်နာဆောင်ရွက်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ချောက်မြို့ တွင် သယ်ယူပို့ဆောင်ရေးယာဉ်လိုင်းပေါင်း (၂၀)ရှိပြီး မကွေး၊ မန္တလေး၊ ရန်ကုန်၊ နေပြည်တော်အပြင် ချောက်မြို့မှ မြို့ကြီးများစွာသို့ မော်တော်ယာဉ်လိုင်းများ ပြေးဆွဲလျက်ရှိကြောင်း သိရသည်။
DOCA(မကွေး)
