“ယာမြေများတွင်ကုလားပဲများအောင်မြင်ဖြစ်ထွန်းပြီးကုလားပဲရွက်များဈေးကောင်းရ”

Powered by Drupal

         မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ယာမြေများ၌ စက်တင်ဘာလတွင် ရွာသွန်းသောမိုးရေကြောင့် အောက်တိုဘာလဆန်းတွင် ယာမြေများ၌ ကုလားပဲကို မိုးရေအစိုဓါတ်ဖြင့် စတင်စိုက်ပျိုးပါသည်။ အချို့မှာ မိုးရေအစိုဓါတ်အပြင်ရေစက်များဖြင့် ရေတင်၍ စိုက်ပျိုးကြကြောင်း၊ ရေဖြင့်ထပ်မံတင်၍ စိုက်ပျိုးသောယာမြေများသည် မိုးရေဖြင့်စိုက်ပျိုးသော ယာမြေများထက် ပို၍ကောင်းမွန်ပြီး အထွက်နှုန်းပိုမိုကောင်းမွန်ကြောင်း တောင်သူများထံမှသိရှိရပါသည် ။ တောင်သူများသည် ကုလားပဲမျိုးကို မိမိ၏အိမ်တွင်သေချာစွာ သိမ်းဆည်းထားပြီး မျိုးအဖြစ်အသုံးပြုကြသလို အချို့‌တောင်သူများသည် ဝယ်ယူ၍စိုက်ပျိုးကြကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် (၂၀၀၀၀၀) ကျပ်ဝန်းကျင်ကုန်ကျကြောင်း ၊ ကုလားပဲသည် ကုန်ကျစရိတ်သက်သာပြီး အချိန်ကုန်သက်သာခြင်းကြောင့် ဝင်ငွေတိုးပြီး နွေရာသီသုံးငွေအဖြစ် ရရှိခြင်းကြောင့် တောင်သူအများစုမှာ အများဆုံးစိုက်ပျိုးကြကြောင်း၊ ယာမြေများတွင် ကုလားပဲ (၁) ဧကလျှင် (၁) တင်းနှုန်းပတ်ကြဲရပြီး လယ်မြေများတွင် (၁) ဧကလျှင် (၁) တင်းခွဲနှုန်း ပိုမို၍စိုက်ပျိုးရကြောင်း၊ အကြောင်းရင်းမှာ ယာမြေများသည် လယ်မြေများထက် မြေသန်ခြင်းကြောင့်ဖြစ်ကြောင်း ယခုအခါ ကုလားပဲအပင်ပေါက်များ အောင်မြင်စွာဖြစ်ထွန်းနေပြီး ကုလားပဲရွက်များခူး၍ ဈေးထဲတွင်ရောင်းချလျက်ရှိကြောင်း၊ ကုလားပဲရွက်(၁) ပိသာလျှင် ဖောက်သည်ဈေးအနေဖြင့် (၅၀၀၀) ကျပ်ရှိပြီး လက်လီဈေးအနေဖြင့် ကုလားပဲရွက် (၁၀) ကျပ်သားလျှင် ၆၀၀ ကျပ်နှင့် ရောင်းချလျက်ဖြစ်ကြောင်း  ကုလားပဲကိုကြိတ်ခွဲလျှင် ကုလားပဲဆံကိုရရှိပြီး ကုလားပဲဆံကို အလှူပွဲများတွင် မပါမဖြစ် ပဲနှပ်အဖြစ် ချက်ပြုတ်ကျွေးမွေးကြကြောင်း၊ ကုလားပဲဆံဖြင့် မုန့်အမျိုးမျိုးပြုလုပ်၍လည်း ရောင်းချလျက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ယခုအချိန်တွင် ကုလားပဲများထွက်ရှိခြင်းမရှိသေးသော်လည်း ဈေးကွက်အတွင်းတွင် ယခင်နှစ်ကထွက်ရှိသော ကုလားပဲဈေးနှုန်းများမှာ ကုလားပဲ (ရိုးရိုး) တစ်တင်းလျှင် (၅၄၀၀၀) ကျပ် ၊ ကုလားပဲ (V2) တစ်တင်းလျှင် (၆၄၀၀၀ )ကျပ်နှင့်ကုလားပဲဆံတစ်ပိဿာလျှင် (၄၂၀၀) ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)