ရွှေဘိုမြို့တွင် အာတာလွတ်ဥများ အရောင်းအဝယ်ဖြစ်လျက်ရှိ

Powered by Drupal

        စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ စည်ပင်သာယာဈေးကြီးအတွင်း၊ ဈေးကြီးအနီး ပတ်ဝန်းကျင်နှင့် မြို့တွင်းရှိ နေရာအသီးသီးတွင် ဆောင်းရာသီပေါ်အာတာလွတ်ဥများ ရောင်းချလျက်ရှိသည်ကို တွေ့ရှိရပါသည်။ အာတာလွတ်ဥသည် ကျန်းမားရေးအတွက် များစွာအထောက်အကူပြုကြောင်းလည်း လေ့လာဖူးပါသည်။ အာတာလွတ်ဥကိုပြုတ်၍ ဓါးဖြင့်ပါးပါးလွှာပြီး မြေပဲဆံထောင်း၊ နှမ်းထောင်းဆီနှင့် ဆားတို့ဖြင့်ရောနယ်၍လည်းကောင်း၊ အာတာလွတ်ဥကိုထောင်းပြီး ဆား၊ အချိုမှုန့်စသည့် ကြိုက်နှစ်သက်ရာအရသာမှုန့်ဖြင့် ရောနယ်၍ အပြား သို့မဟုတ် အလုံးကလေးများပြုလုပ်ကာ ကြော်စားခြင်းအပြင် အာတာလွတ်ဥကို အချောင်းလိုက်လွှာပြီး အကြော်မှုန့်၊ မှုန့်မှုန့်တို့နှင့်ရောနယ်၍ အကြော်ကြော်ပြီး မိမိကြိုက်နှစ်သက်သလို အမျိုးမျိုးပြုလုပ်ကာ သရေစာအဖြစ်စားသုံးကြကြောင်း၊  အာတာလွတ်ဥကို အမှုန့်ပြုလုပ်၍လည်း ရောင်းချကြသည့်အပြင် သရေစာအဖြစ်စားသုံးနိုင်ရန် မိုးကုတ်ဒေသ၌ အာတာလွတ်ဥကိုထောင်း၍ အပြားကြော်ခြင်းနှင့် ခြစ်ဖြင့်ခြစ်၍ အခြစ်ကြော်များကို အစပ်နှင့်အချိုဟူ၍ နှစ်မျိုးပြုလုပ်ပြီး မိမိကုန်အမှတ်တံဆိပ်ဖြင့် အထုတ်ကလေးများထုတ်၍ ရောင်းချသည်ကိုလည်း တွေ့မြင်ဘူးပါသည်။

       ရွှေဘိုမြို့တွင် ရောင်းလျက်ရှိသောအာတာလွတ်ဥများသည် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်ဒေသမှ မှာယူရောင်းချကြောင်း၊ မိုးကုတ်၌ (၂၀ ) ပိဿာခန့်ပါရှိသည့် အာတာလွတ်ဥ တစ်တင်းခွဲဝင်တစ်အိတ်လျှင် ယခင်ပေါ်ကာစက (၂၀၀၀ဝိ/-) ပေးရကြောင်း၊  ယခုအချိန်တွင် အာတာလွတ်ဥများ လှိုင်လှိုင်ပေါပြီဖြစ်၍ တစ်အိတ်လျှင် (၁၈၀၀ဝိ/- ) သာပေးရကြောင်း၊ မိုးကုတ်မှရွှေဘိုသို့ ကားခအနေဖြင့် ဒိုင်နာကားဖြင့်သယ်ယူပါက မြို့ပေါ်ရှိ ဖောက်သည်ပေးမည့်နေရာအရောက် တစ်အိတ်လျှင် (၂၅၀ဝိ/-) ပေးရပြီး လူစီးကားဖြင့်သယ်ပါက တစ်အိပ်လျှင် (၃၅၀ဝိ/-) ပေးရ၍ ကားဝင်းအရောက်သာဖြစ်ကြောင်း၊ ရွှေဘိုမြို့၌ တစ်ဆင့်ပြန်လည်ရောင်းချသည့်ဈေးသည်များအနေဖြင့် တစ်ပိဿာလျှင် (၁၅၀ဝိ/-) ဖြင့် ရောင်းချလျက်ရှိပြီး ဈေးသည်တစ်ဦးလျှင် တစ်ရက် တစ်အိတ်ခွဲထက်မနည်းရောင်းချရသဖြင့် သင့်တင့်သည့် အကျိုးအမြတ်များလည်းရရှိကြောင်း အာတာလွတ်ဥရောင်းချသည့် ဈေးသည်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)