
မြင်းခြံမြို့နယ်သည် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်း၌ တည်ရှိပြီး ဆည်ရေသောက်အသင့်အတင့်ရှိ၍ ပဲ၊ ပြောင်း၊ နှမ်း၊ မြေပဲနှင့် ကြက်သွန်နီများစိုက်ပျိုးလျက်ရှိရာ ပဲတီစိမ်း(မိုး)သီးနှံ ကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း၊ စိုက်ပျိုးချိန်မှာ ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် စတင် စိုက်ပျိုးပြီး ရိတ်သိမ်းချိန်မှာ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ရိတ်သိမ်းထွက်ပေါ်လေ့ရှိကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၄)လခန့်ကြာမြင့်ကြောင်း၊ အများဆုံး စိုက်ပျိုးသောကျေးရွာများမှာ သိမ်ရွာ၊ ဒါးကျွန်းရွာ၊ ဖိုးတုတ်ဖြူရွာ၊ သဲဖြူဝရွာ၊ ပတ္တာကျေးရွာနှင့် ခေါင်းကွဲကျေးရွာတို့တွင် အများဆုံး စိုက်ပျိုးထားကြောင်း၊ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၌ ပဲတီစိမ်းစီမံကိန်းသီးနှံ (၂၄၀၀)ဧက လျာထားချက်တွင် စိုက်ပျိုးပြီးစီးမှုဧက (၄၀၃၈)ဧကစိုက်ပျိုးထားရှိပြီး လျားထားဧကထက် (၁၆၃၈) ဧကကျော် ပိုမိုစိုက် ပျိုးထားရှိကြောင်း၊ မျိုးစေ့တစ်ပြည်လျှင် (၈၀၀၀)ကျပ်ခန့်ရှိကြောင်း၊ စိုက်ပျိုးရာ တွင် မျိုးအနေဖြင့် (၆)ပြီခန့်ကုန်ကျကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၅၇၀,၀၀၀) ကျပ်ခန့်ကုန်ကျကြောင်း၊ ရေဆင်း(၁၆)မျိုးကို စိုက်ပျိုးကြောင်း၊ ပဲတီစိမ်းသီးနှံကို ထယ်ကြောင်းဆွဲကာ မျိုးစေ့ကို မြေကြီးအတွင်းအနက် ၁ လက်မမှ ၁.၅ လက်မအတွင်းစိုက်ကြောင်း၊ ယခုနှစ်အထွက်နှုန်းအနေဖြင့် (၁၂)တင်းခန့် ထွက်ရှိခဲ့ကြောင်း၊ ထွက်ပေါ်ချိန်ရောင်းဈေးအနေဖြင့် ပဲတီစိမ်း(မိုး)တစ်တင်းလျှင် (၈၈,၀၀၀)ကျပ်ခန့်ပေါက်ဈေးရှိကြောင်း၊ ပဲအရည်အသွေးနှင့် အစိုဓါတ် ပါဝင်မှုအပေါ်တွင် ဈေးနှုန်းများကွာခြားကြောင်း၊ တောင်သူများအနေဖြင့် တစ်ဧကလျှင် (၅၀၀,၀၀၀) ကျပ်ခန့် အကျိုးအမြတ်ရရှိကြောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၌ ပွဲရုံများ၌ ပဲတီစိမ်းတစ်တင်းလျှင် (၈၇,၅၀၀) ကျပ်ခန့် ပေါက်ဈေးများဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း၊ ကျေးရွာများမှ ထွက်ရှိသော ပဲများကို တောင်သူများကိုယ်တိုင် မြင်းခြံမြို့ရှိ ပွဲရုံများသို့လာရောက် ရောင်းချကြောင်း၊ အိတ်အရောင်းအဝယ်ဖြစ်မှုအနေဖြင့် နေ့စဉ်အိတ်ရေ (၁၀၀-၁၅၀) အ ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ထိုပွဲရုံများမှ တဆင့် မန္တလေးမြို့၊ ပခုက္ကူမြို့နှင့် ရန်ကုန်မြို့ရှိ ပွဲရုံများသို့တင်ပို့ရောင်းချကြောင်း ပဲပွဲရုံများမှ သိရှိရသည်။
DOCA(မန္တလေး)
