မြိတ်ဒေသထွက်ရုံးပတေသီးဈေးနှုန်း

Powered by Drupal

    မြိတ်ခရိုင်၊ မြိတ်မြို့သည် ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သောကြောင့် စိုက်ပျိုးရေးထက် ရေလုပ်ငန်းကို ပိုမိုလုပ်ကိုင်ကြပါသည်။ ဒေသစားသုံးရန်လိုအပ်သော ဟင်းသီးဟင်းရွက်မျိုးစုံနှင့် အသီးအနှံများအား ရန်ကုန်မြို့မှ ကားလမ်းများဖြင့် သယ်ယူ၍ မြို့ပေါ်ရှိဈေးကြီးများရပ်ကွက်ဈေး ဆိုင်များတွင် ရောင်းချကြပါသည်။ ယခုအခါ ကုန်စိမ်းသီးနှံများဖြစ်သော ရုံးပတေသီး၊ ဘူးသီး၊ ခရမ်းသီး၊ ကျောက်ဖရုံသီး၊ ကန်စွန်းရွက်၊ ချဥ်ပေါင်ရွက်၊ မုန်ညင်းဖြူ၊ ကိုက်လန်ရွက်၊ ထိုင်ဝမ်မုန်ညင်း စသည်တို့ကို မြိတ်ခရိုင်အတွင်းရှိ မြိတ်၊ ပုလော၊ ကျွန်းစု၊ တနင်္သာရီမြို့တို့တွင် ယခင်ကထက် စိုက်ပျိုး လာကြောင်းသိရပါသည်။ ထွက်ရှိလာသော ကုန်စိမ်းသီးနှံများကို ဒေသတွင်း ပြန်လည်ဖြန့်ဖြူးရောင်း ချကြပါသည်။ ကုန်စိမ်းသီးနှံများထဲမှ ရုံးပတေသီးကို ရာသီမရွေးစိုက်ပျိုးနိုင်သောကြောင့် စိုက်ပျိုးသူ များအတွက် တွက်ချေကိုက်သောကြောင့် ပိုမိုစိုက်ပျိုးလာြကပါသည်။ ရုံးပတေသီးစားသုံးခြင်းဖြင့် အစာအိမ်ရောဂါတွေကောင်းစေသလို အစာအိမ်ထဲကအက်ဆစ်ကို လျော့ချပေးလို့ ဗိုက်အောင့်တာ သက်သာစေပြီး၊ သွေးနီဥတွေ ထုတ်လုပ်မှုကို လှုံဆော်ပေးတာကြောင့် ခွန်အားပိုမိုရရှိစေပါသည်။ “ဝမ်းတစ်လုံးကောင်းလျှင် ခေါင်းမခဲဘူး’’ဆိုသလို ဝမ်းကိုမှန်စေပါသည်။ တနေ့လျှင် ရုံးပတေသီး ၂တောင့်၃တောင့်စားပေးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးအများကြီးရရှိစေမှာ ဖြစ်ပါသည်။

          ၂၀၂၅ခု၊ ဒီဇင်ဘာလ တတိယပတ်လျှင်ရုံးပတေသီး(၁၀)တောင့်လျှင် ၃၀၀၀ကျပ် စျေးခန့်ရှိ၍ ၂၀၂၆ခု၊ ဇန်နဝါရီလ တတိယပတ်တွင် ရုံးပတေသီး (၁၀)တောင့်လျှင် ၂၀၀၀ကျပ်ခန့်စျေးနှုန်း ကျဆင်းသွားကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)